အင်အားပြင်း ဟာရီကိန်းမုန်တိုင်း မာရီယာ ဒိုမီနီကာကို ၀င်ရောက်တိုက်ခတ်

By AFP
19 September 2017
အင်အားပြင်း ဟာရီကိန်းမုန်တိုင်း မာရီယာ ဒိုမီနီကာကို ၀င်ရောက်တိုက်ခတ်

 

စက်တင်ဘာ ၁၉ ။                    ။ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း မာရီယာသည် စက်တင်ဘာ ၁၉ ရက်က ကာရေဘီယန်ကျွန်းနိုင်ငံ ဒိုမီနီကာကို ဝင်ရောက်တိုက်ခတ်လျက်ရှိသည်။ မုန်တိုင်းကြောင့် နိုင်ငံမှာ ထိခိုက်ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်လာနိုင်ကြောင်း ယင်းနိုင်ငံ၏ ဝန်ကြီးချုပ် ရုစဗဲ့ စကာရစ်တ်ကလည်း ခန့်မှန်းထုတ်ပြန်ထားသည်။

လေပြင်းထန်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများနှင့်အတူ ပြင်းအား အဆင့် ငါးအဆင့်ထိ လျင်လျင်မြန်မြန် အားကောင်းလာသည့် ဟာရီကိန်း မာရီယာသည် အာရ်မာမုန်တိုင်း ဒဏ်ခံထားပြီးဖြစ်သည့် နယ်မြေများသို့ ထပ်မံဝင်ရောက်တိုက်ခတ်ခဲ့သည်။

ယခု ဟာရီယာ မုန်တိုင်း၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျင် မိုင် ၁၆၀ (၂၅၇ ကီလို) ထိ ရှိမည်ဖြစ်ကြောင်း အမေရိကန်အမျိုးသား ဟာရီကိန်း စင်တာ က ထုတ်ပြန်သည်။

 " မုန်တိုင်းကြောင့် ခုထက်ထိ ဆုံးရှုံးထားပြီးသမျှကတော့ ကျွန်တော်တို့ ငွေနဲ့ ပြန်ဝယ် အစားထိုးလို့ရပါသေးတယ်၊ ဒါပေမယ့် ခုမနက်မှာ ကျွန်တော် စိုးရိမ်နေမိတာက ဒီမုန်တိုင်းကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုသတင်းတွေ၊ လူသေဆုံးမှုသတင်းတွေ ကြားရမှာကို ကြောက်နေမိပါတယ်" ဆိုပြီး ဒိုမီနီကာ နိုင်ငံဝန်ကြီးချုပ်က ပြောသည်။

ယခု မုန်တိုင်းကြောင့် နိုင်ငံတွင်းရှိ လေဆိပ်များ၊ ဆိပ်ကမ်းများကိုလည်း ပိတ်ထားရပြီး ပြည်သူများမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ခိုလှုံနေရလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly