မသန်စွမ်းသူများ၏ အရေးကိစ္စကို အဖွဲ့အစည်းများ၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များတွင် ထည့်သွင်းလုပ်ဆောင်ရန် သင်တန်းပြုလုပ်

မသန်စွမ်းသူများ၏ အရေးကိစ္စကို အဖွဲ့အစည်းများ၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များတွင် ထည့်သွင်းလုပ်ဆောင်ရန် သင်တန်းပြုလုပ်

ရန်ကုန်၊ စက်တင်ဘာလ၊ ၁၉ ။             ။ မြန်မာ့ရှေ့ဆောင် နိုင်ငံရေး သိပ္ပံအဖွဲ့မှ ဦးဆောင်ပြီး နိုင်ငံရေး ပါတီများ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အတွက် Disability Inclusion Training ကို စက်တင်ဘာလ ၁၉ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ ၂ ရက်ကြာ သင်ကြား ပို့ချသွားမည်ဟု မြန်မာ့ရှေ့ဆောင် နိုင်ငံရေး သိပ္ပံအဖွဲ့မှ သိရပါသည်။

မသန်စွမ်းသူများ၏ အရေးကိစ္စကို အစိုးရ၊ လွှတ်တော်၊ မီဒီယာ၊ အရပ်ဘက် အဖွဲ့အစည်းများ၌ ဆောင်ရွက်သည့်အခါ မူဝါဒနှင့် လုပ်ငန်းစဉ်များ ထည့်သွင်းလုပ်ဆောင်သွားနိုင်ရန်နှင့် မသန်စွမ်းသူများ၏ လိုအပ်ချက် အစစ်အမှန်ကို ပိုမို သိရှိလာနိုင်ရန် ရည်ရွယ်ပြီး သင်တန်းပေးခြင်း ဖြစ်ကြောင်း မြန်မာ့ရှေ့ဆောင် နိုင်ငံရေး သိပ္ပံအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။

“ မသန်စွမ်းသူတွေရဲ့ အခက်အခဲတွေ၊ နစ်နာမှုတွေ၊ မသန်စွမ်းသူတွေအတွက် ကုလသမဂ္ဂမှာ သဘောတူ စာချုပ် ချုပ်ဆိုထားတာတွေ၊ ၂၀၁၅ ခုနစ်မှာ မြန်မာနိုင်ငံက ပြဌာန်းထားတဲ့ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ အကြောင်းတွေကို ဆွေးနွေးသွားပါမယ်၊ နောက်ပြီး ပရဟိတအဖွဲ့အစည်း၊ ဆေးပညာ အဖွဲ့အစည်း နဲ့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက ဒီမသန်စွမ်းသူတွေ အပေါ်မှာ ဘယ်လိုမြင်လဲ စတာတွေကို ဒီသင်တန်းကနေ ဆွေးနွေးသွားမှာပါ ” ဟု မြန်မာ့ရှေ့ဆောင် နိုင်ငံရေး သိပ္ပံအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ၂.၃သန်း ရှိရာမှ ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ ဖြစ်နေပြီး (၁) ရာခိုင်နှုန်းကသာ ဘွဲ့ရခဲ့သည်။ 

လက်ရှိ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ မသန်စွမ်း အဖွဲ့အစည်း ၁၅ ဖွဲ့မှ တောင်းဆိုထားသော အချက်အလက် (၁၁) ရှိကြောင်း၊ အဆိုပါ အချက်အလက်များအကြောင်းကိုလည်း ယခု ပို့ချသွားမဘ့် သင်တန်းမှ ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ၎င်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly