ကျန်းမာရေးအခြေအနေကြောင့် ဥရောပဖျော်ဖြေပွဲခရီးစဉ်အားလုံးကို လေဒီဂါဂါဖျက်သိမ်း

ကျန်းမာရေးအခြေအနေကြောင့် ဥရောပဖျော်ဖြေပွဲခရီးစဉ်အားလုံးကို လေဒီဂါဂါဖျက်သိမ်း

 

အဆိုတော်လေဒီဂါဂါက သူမသည် ခန္ဓာကိုယ်အနှံ့အပြားတွင် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားနေရသောကြောင့် ဆရာဝန်များ၏ အကြံပေးချက်အရ ဥရောပတွင် ဖျော်ဖြေရန်စီစဉ်ထားသော နယ်လှည့်ဖျော်ဖြေပွဲကို ဖျက်သိမ်း လိုက်ပြီး လာမည့် ၂၀၁၈ ခုနှစ်ရောက်မှသာ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ သည်။

နဂိုကသူမ၏ Janne World Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲကို လာမည့်ကြာသာပတေးနေ့တွင် ဘာစီလိုနာမြို့မှ စတင်ပြီး ဥရောပတိုက်မှမြို့ကြီးများ၌ ၆ ပတ်ခန့် ဖျော်ဖြေသွားရန်စီစဉ်ထားသော်လည်း လက်ရှိတွင် သူမ၏ ကျန်းမာရေးအခြေအနေကြောင့် ထိုခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

လေဒီဂါဂါက ခန္ဓာကိုယ်အနှံ့အပြား နာကျင်မှုဝေဒနာ ခံစားရမှုနှင့် စိတ်သောကရောက်ရမှုတို့က သူမ၏ဘဝကို ပြောင်းလဲစေခဲ့ကြောင်းနှင့် သူမသည် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သောကြောင့် မကြာခင်ပရိသတ်ရှေ့မှောက်သို့ ပြန်လည်ရောက်ရှိလာမည်ဟု သူမ၏ပရိသတ်များကို ကတိပေးခဲ့သည်။

သူမက “ ကျွန်မရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ပက်သက်ပြီးတော့ အမြဲတမ်းရိုးရိုးသားသား ကျွန်မ ထုတ်ဖော် ပြောဆိုလေ့ရှိပါတယ်။ အခြေအနေပြန်ကောင်းလာပြီးတော့ အသင့်ဖြစ်ပြီလို့ ကျွန်မခံစားရတဲ့အချိန်မှာ အကြောင်းစုံကို ထပ်ရှင်းပြသွားမှာပါ။ လူတစ်ချို့က ကျွန်မဟာ အကဲပိုတယ်လို့ပြောပါတယ်။ ကမ္ဘာပတ်ဖျော်ဖြေ ပွဲ မပြုလုပ်ချင်တာကြောင့် ဟန်ဆောင်တယ်လို့   ပြောနေကြပါတယ်။ ကျွန်မဘာလဲဆိုတာ သေချာသိတဲ့သူတွေ ကတော့ ဒီကောလဟာလတွေဟာ အလိမ်အညာတွေပဲဆိုတာ သိကြပါလိမ့်မယ်” ဟု သူမက ပရိသတ် ၂၅.၄ သန်းရှိသော သူမ၏အင်စတာဂရမ်၌ စာရေးသားခဲ့ကာ အသိပေးခဲ့သည်။

ပွဲစီစဉ်သူများကလည်း လေဒီဂါဂါ၏ ကျန်းမာရေးအခြေအနေကြောင့် ဖျော်ဖြေပွဲကျင်းပရန် မဖြစ်နိုင်တော့ ကြောင်းနှင့် သူမကိုကျွမ်းကျင်ဆရာဝန်များက ဆေးကုသပေးနေကာ ဖျော်ဖြေပွဲအစီအစဉ်ကို ရက်ရွှေ့ဆိုင်း လိုက်ဖို့ ၎င်းတို့က သူမကိုအကြံပေးခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags