မန်ယူကစားသမားဟောင်း ဖာဒီနန် လက်ဝှေ့လောကသို့ ဝင်ရောက်မည်

မန်ယူကစားသမားဟောင်း ဖာဒီနန် လက်ဝှေ့လောကသို့ ဝင်ရောက်မည်

စက်တင်ဘာ ၁၉၊ မန်ချက်စတာ။          ။ မန်ယူကစားသမားဟောင်း ရီယိုဖာဒီနန်သည် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဖြစ်လာရန် ကြိုးပမ်းနေကြောင်း တယ်လီဂရပ်ဖ် သတင်းတွင်ဖော်ပြထားသည်။

ဖာဒီနန်အနေဖြင့် ပြီးခဲ့သည့်လက ပထမဆုံးပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲဦးထွက်အဖြစ် မေဝဲသာနှင့်ထိုးသတ်ပြီးရှုံးနိမ့်ခဲ့သော ကော်နာမက်ဂရီဂေါ၏ခြေရာကိုလိုက်နင်းနိုင်ရန် ကြိုးစားမည်လည်းဖြစ်သည်။

ထို့ပြင် ဗြိတိန်လိုက်ဝယ်တာဝိတ်ချန်ပီယံဖြစ်လာသည့် ရှက်ဖီးယူနိုက်တက်တိုက်စစ်မှူးဟောင်း ကာတစ်ဝုဒ်ဟောက်စ်ကဲ့သို့ ဖြစ်လာရန်လည်းကြိုးပမ်းမည်ဖြစ်သည်။

လက်ရှိတွင် ဘီဘီစီနှင့် ဘီတီစပို့တွင် သုံးသပ်သူအဖြစ်ဆောင်ရွက်နေသည့် အသက် ၃၈ နှစ်အရွယ် ဖာဒီနန်သည် လူမှုကွန်ယက်အင်စတာဂရမ်တွင် လက်ဝှေ့ရေးလေ့ကျင့်နေသည့် ဗီဒီယိုကိုလည်းတင်ထားသည်။

ဇန်နဝါရီလအတွင်းတင်ထားသည့် ယင်းဗီဒီယိုတွင် ရက်ဘီကစားသမားဟောင်း မဲလ်ဒိန်းနှင့်လက်ဝှေ့ရေးလေ့ကျင့်နေပြီး ဗြိတိန် လက်ဝှေ့ကျော်များဖြစ်သည့် ဂျိုရှုအာ၊ ဒေးဗစ်ဟေးယီနှင့် တိုနီဗဲလျူးတို့၏နာမည်ကိုလည်းခေါ်ခဲ့သည်။

လက်သီးထိုးနေစဉ်အတွင်း “တိုနီဗဲလျူးလား၊ ငါဒီမှာ စောင့်နေတယ် သားကြီး။ အဆင်သင့်ပဲလား။ ဒေးဗစ်ဟေးယီ မင်းဘာလို ချင်လဲ၊ ငါဒီမှာရှိတယ် ဘော်ဒါ။ လေ့ကျင့်နေတယ်။

အေဂျေ (အန်ထော်နီဂျိုရှုအာ) ငါတို့တွေ ဒူဘိုင်းမှာ အားလပ်ရက်တုန်းက အတူရှိခဲ့တယ်။ ငါမင်းကိုစိန်ခေါ်ပြီး အလဲထိုးမယ်။ လာခဲ့ သားလေး။ မင်းဘာလိုချင်လဲ”ဟု ဖာဒီနန်က ပြောဆိုခဲ့သည်။

Ref; telegraph

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly