စပိန်အစိုးရက မြောက်ကိုရီးယားသံအမတ်ကြီးအား နိုင်ငံအတွင်းမှနှင်ထုတ်

စပိန်အစိုးရက မြောက်ကိုရီးယားသံအမတ်ကြီးအား နိုင်ငံအတွင်းမှနှင်ထုတ်

 

စက်တင်ဘာ ၁၉  ။             ။ မက်ဒရစ်မြို့ရှိမြောက်ကိုရီးယားသံရုံးမှ သံအမတ်ကြီးကင်မ်ဟွတ်ခ်ချိုလ်အား စက်တင်ဘာလအကုန်တွင် စပိန် နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် မက်ဒရစ်အစိုးရက အမိန့်ပေးခဲ့ကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖွန်ဆို ဒက်စ်တစ်က တနင်္လာနေ့တွင် ကြေညာခဲ့သည်။

ပြုံယမ်းအစိုးရက နျူကလီးယားနှင့် ပဲ့ထိန်းတပ်ဒုံးပျံ စမ်းသပ်မှုများအား စဉ်ဆက်မပြတ်လုပ်ဆောင်နေသည်ကို တုံ့ပြန်သည့်အနေဖြင့် တနင်္လာနေ့က မြောက်ကိုရီးယားသံအမတ်ကြီးကို စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားကာ မက်ဒရစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို အသိပေးခဲ့ကြောင်း ဒက်စ်တစ်က ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏အဆိုအရ ပြုံယမ်းတို့၏ လုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးကို ထိပါးခြိမ်းခြောက်နေသောကြောင့် စပိန်အစိုးရက ယခုလိုဆုံးဖြတ်ချက် ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေအစည်းအဝေး တက်ရောက်ရန်အတွက် နယူးယောက်မြို့သို့ ရောက်ရှိနေသော ဒက်စ်တစ်က စပိန်အစိုးရသည် မြောက်ကိုရီးယားအာဏာပိုင်များနှင့် သံအမတ်ကြီးကို ထပ်တလဲလဲ ရာဇသံ ပေးခဲ့သော်လည်း တုံ့ပြန်မှုမရှိခဲ့သောကြောင့် ယခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ပြီးခဲ့သော သြဂုတ်လ ၃၁ရက်နေ့ကလည်း ပြုံယမ်းအစိုးရ၏ ဒုံးကျည်စမ်းသပ်မှုများကြောင့် မက်ဒရစ်မြို့ရှိ မြောက်ကိုရီးယားသံရုံးမှ သံအရာရှိအရေအတွက် ၂ဦးမှ ၃ဦးအထိ လျှော့ချသွားမည်ဖြစ်ကြောင်း စပိန်အစိုးရက သတိပေးခဲံဖူးသည်။

မြောက်ကိုရီးယားတို့သည် လွန်ခဲ့သောသောကြာနေ့က ဂျပန်နိုင်ငံမြောက်ပိုင်းမှဖြတ်၍ ကီလိုမီတာ ၃၇၀၀ ခန့် ပျံသန်းသွားခဲ့သော တာလတ်ပစ်ဒုံးပျံတစ်ခုကို စမ်းသပ်ခဲ့သည့်အတွက် ယခုလိုနိုင်ငံတကာမှ ဝိုင်းဝန်းဖိအား ပေးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

စပိန်အစိုးရ၏ လုပ်ဆောင်ချက်ကို အမေရိကန်တို့က ကြိုဆိုဂုဏ်ပြုခဲ့ပြီး အခြားနိုင်ငံများအနေနှင့်လည်း ပြုံယမ်း အစိုးရကို အဖက်ဖက်မှ ဝိုင်းဝန်းဖိအားပေးကြရန် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly