မြန်မာ ယူ ၁၉ အသင်းအတွက် ပြည်တွင်းနည်းပြများကို တာဝန်ပေးခန့်အပ်

မြန်မာ ယူ ၁၉ အသင်းအတွက် ပြည်တွင်းနည်းပြများကို တာဝန်ပေးခန့်အပ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)ဟာ AFC ယူ ၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းအတွက် နည်းပြချုပ်နှင့် နည်းပြအဖွဲ့ဝင်များအား စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ MFF နည်းစနစ်ကော်မတီ အစည်းအဝေးမှာ ရွေးချယ်ခဲ့ကြောင်း သိရှိရပါတယ်။

ယူ-၁၉ နည်းပြချုပ်နှင့် နည်းပြအဖွဲ့ဝင်များဟာ ပြည်တွင်းနည်းပြများသာဖြစ်ပြီး အသင်းမန်နေဂျာအဖြစ် ဦးတင်မြင့်အောင်၊ လက်ထောက်နည်းပြအဖြစ် ဦးမင်းသူ (MFF)၊ ယာယီနည်းပြချုပ်အဖြစ် ဦးချစ်နိုင်(City Yangon FC)၊ ဂိုးနည်းပြအဖြစ် ဦးစိုင်းမောင်မောင်ဦး၊ အသင်းအတွင်းရေးမှူးအဖြစ် ဦးမိုးဝေအောင်တို့ကို အသီးသီးတာဝန်ပေးခန့်အပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာ ယူ၁၉ အသင်းဟာ ပြီးခဲ့တဲ့ အာဆီယံ ယူ၁၈ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ကစားသမားများကို အခြေခံဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

အာရှယူ-၁၉ ခြေစစ်ပွဲစဉ်များကို လာမယ့် နိုင်ဝင်ဘာလ ၄ရက်မှ ၈ရက်နေ့အထိ ကမ္ဘာဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး မြန်မာအသင်းဟာ တရုတ်၊ ကမ္ဘာဒီးယား၊ ဖီလစ်ပိုင်အသင်းများနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။

2018 AFC U-19 Championship နောက်ဆုံးအဆင့် ပွဲစဉ်များကိုမူ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly