ဒေါက်မြင့်ဖိနပ်စီးခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ

ဒေါက်မြင့်ဖိနပ်စီးခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ဒေါက်မြင့်ဖိနပ်စီးခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ

ဒေါက်မြင့်ဖိနပ်တွေဆိုတာက အမျိုးသမီးတွေ ခေတ်မီဆန်းသစ်တဲ့အဆင်တန်ဆာတစ်ရပ်အဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မာရီလင် မွန်ရိုး ကနေစလို့ Carrie Bradshaw ခေတ်အထိကို ဒေါက်မြင့်ဖိနပ်တွေကို ဖက်ရှင်ကျတာကို နှစ်သက်တဲ့ အမျိုးသမီးတွေက ဝတ်ဆင်လာခဲ့တာ အခုချိန်ထိပဲဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ်တွေကို ဖက်ရှင်ကျဖို့အတွက်သာမက အဆင်တန်ဆာတစ်ရပ်အနေနဲ့ပါ ဝတ်ဆင်အသုံးပြုလာကြပါတယ်။

စီးတဲ့ ဖိနပ်ရဲ့အရည်အသွေးပေါ်မှာမူတည်ပြီးတော့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုပုံစံကွာခြားပါတယ်။ အမြဲလိုလို ၃ လက်မ (သို့) ၃ လက်မထက်နိမ့်တဲ့ဒေါက်ကို စီးနေတာက သိပ်ပြီးပြဿနာမရှိနိုင်ပေမယ့် အဆိုပါအမြင့်ထက် ပိုမြင့်တာကိုစီးမယ်ဆိုရင်တော့ လမ်းလျှောက်တဲ့အခါ ခန္ဓာကိုယ်အပေါ်သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ အရမ်းမြင့်တဲ့ ဒေါက်မြင့်ဖိနပ်တွေ စီးတဲ့အခါ ဖြစ်ပေါ်ခံစားရနိုင်တဲ့ ကျန်းမာရေးအခြေအနေအချို့ကိုမျှဝေပေးလိုက်ပါတယ်။

ခါးနာခြင်း

ခါးမှာဒဏ်မရှိဘဲ ဘာကြောင့်မျန်းမသိခါးနာနေပြီဆိုရင်တော့ သင့်ရဲ့ ဒေါက်မြင့်ဖိနပ်ကြောင့်ဆိုတာသိလိုက်ပါ။ ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ခြေဖဝါးပေးမှာ ဝန်ပိစေပြီး တင်ပါးဆုံရိုးက အရှေ့ဘက်ကိုရောက်စေပါတယ်။  အဆိုပါအနေအထားမျိုးမှာ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ခါးကပုံမှန်ထက်အားစိုက်ပြီး ထိန်းရသလို ဖြစ်တာကြောင့် ခါးနာတာမျိုးခံစားရနိုင်ပါတယ်။

ဒေါက်ပိုမြင့်လေလေ ခါးကပိုအားစိုက်ရလေလေဖြစ်တာကြောင့် အရမ်းမြင့်တဲ့ဒေါက်ဖိနပ်တွေက ခါးပိုနာစေပါတယ်။

အာရုံကြော နာကျင်ပျက်စီးစေနိုင်ခြင်း

အာရုံကြောစနစ်က ခန္ဓာကိုယ်ရဲ့ အရမ်းကိုနူးညံ့တဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ မိမိစီးတဲ့ ဖိနပ်တွေက အာရုံကြောအပေါ်မှာ တော်တော်ကို အကျိုးသက်ရောက်မှုရှိပါတယ်။ အရမ်းမြင့်တဲ့ ဒေါက်မြင့်ဖိနပ်တွေက ကျောရိုးဆစ်တွင်းက အာရုံကြောကျဉ်းမြောင်းလာတာ (foraminal stenosis) လို့ခေါ်တဲ့  အာရုံကြောဆိုင်ရာရောဂါတစ်မျိုးကိုခံစားရနိုင်ပါတယ်၊ လို့ Spine Health Institute  ရဲ့ အစီရင်ခံစာ ဖော်ပြပါရှိပါတယ်။

အဆိုပါအခြေအနေ အပြင် တင်ပါးကနေစလို ပခြေထောက် အောက်ပိုင်းတစ်လျှောက်လုံးမှာ နာကျင်တာ၊ ကြွက်တက်တာ၊ တစစ်စစ် နာကျင်တာ၊ ကြွက်သားထဲမှာ အားမရှိသလိုဖြစ်တာ၊ ကိုက်ခဲတာ၊ ထုံကျဉ်တာနဲ့ စူးခနဲအောင့်တာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။

အသံကြိုးတွေကို ထိခိုက်စေနိုင်ခြင်း

ဒေါက်မြင့်ဖိနပ် စီးတာကြောင့် အသံကြိုးတွေကိုထိခိုက်စေနိုင်တယ်ဆိုတာကတော့ တော်တော်ကို အံ့အားသင့်စရာကောင်းပါတယ်။ ဒါပေမယ့် ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ အသက်ရှုသွင်း ရှုထုတ်တာကပုံမှန်အနေအထားမဟုတ်တာကြောင့် အရမ်းကိုနူးညံံ့တဲ့ အသံကြိုးတွေကို ထိခိုက်စေနိုင်တာဖြစ်ပါတယ်။ တစ်နေ့တာလုံးဒေါက်ဖိနပ်စီးထားတဲ့အခါ  အသက်ရှုတာက ပုံမှန်ထက်မြန်မြန်နဲ့ ခပ်ပြတ်ပြတ်ဖြစ်နေတာကြောင့် အသံကြိုးတွေကို ထိခိုက်စေတာဖြစ်ပါတယ်။

ဒူးနာခြင်း

အရမ်းမြင့်တဲ့ ဒေါက်မြင့်ဖိနပ်တွေကဒူးနာကျင်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်တွေက အရိုး – အရိုးချင်းအပေါ်မှာ ဖိအားတွေများစေနိုင်ပါတယ်။ အထူးသဖြင့် ဒူးပေါ်မှာ ဖိအားအရမ်းများစေတာဖြစ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ဒူးအဆစ်မှာ (osteoarthritis) အရိုးအဆစ်ရောင်ရောဂါဖြစ်နိုင်ခြေပိုများပါတယ်၊ လို့ သုတေသီတွေကတွေ့ရှိထားပါတယ်။

ခြေချောင်းပုံသဏ္ဍန်ပျက်ယွင်းခြင်း၊ အသားမာဖြစ်ခြင်း၊ အနာစိမ်းထွက်ခြင်း

အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ချော်လဲတာမျိုးမဖြစ်အောင် ခြေထောက်ကို ကုတ်အားယူထားရတာကြောင့် ခြေချောင်းလေးတွေ ပုံသဏ္ဍာန်ပျက်ယွင်းတာ ၊ အသားမာဖြစ်တာ၊ အနာစိမ်းဖြစ်တာနဲ့ ခြေဖနောင့်နာရောဂါ လိုမျိုးခြေထောက်မှာ ဒဏ်ပိတဲ့ဝေဒနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။

ကင်ဆာဖြစ်စေနိုင်တဲ့ရောင်ရမ်းမှုတွေကိုဖြစ်စေနိုင်ခြင်း

ဒေါက်မြင့်ဖိနပ်စီးခြင်းက ကင်ဆာဖြစ်တာနဲ့ဆက်စပ်မှုရှိနေပါတယ်၊လို့ ကင်ဆာ အထူးကု ဒေါက်တာDavid Agus ကပြောပြပါတယ်။

ဒေါက်မြင့်ဖိနပ်တွေက ရောင်ရမ်းမှုကိုဖြစ်စေပြီး ကင်ဆာအပါအဝင် အခြားပြင်းထန်တဲ့ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

အချို့သောရောင်ရမ်းမှုတွေက နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s)၊ ဆီးချိုရောဂါတွေအပါအဝင် နာတာရှည်ပြင်းထန်တဲ့ဝေဒနာတွေကို ခံစားရနိုင်သလို ကင်ဆာဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်းသိသိသာသာတိုးစေနိုင်ပါတယ်။

ခြေသလုံးကြွက်သားအားနည်းစေနိုင်ခြင်း

ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ခြေသလုံးကြွက်သားက အရမ်းကိုခက်ခက်ခဲခဲလုပ်ဆောင်ရတာကြောင့် ခြေသလုံးကြွက်သားက အားနည်းလာတာမျိုးခံစားရနိုင်ပါတယ်။

ခြေသလုံးကြွက်သားကိုသက်တောင့်သက်သာဖြစ်စေဖို့အတွက် ဒေါက်မြင့ဖိနပ်တွေကို အချိန်ကြာမြင့်စွာစီးတာမျိုးကို   ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။   ဒေါက်မြင့်ဖိနပ်ကို အချိန်ကြာမြင့်စွာ စီးထားတဲ့အခါ  ခြေထောက်နောက်ဘက်ကကြွက်သားတွေက စီးထားတဲ့ဖိနပ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်ထားရတာကြောင့် ခြေသလုံးကြွက်သားတွေထဲမှာ ကျုံ့အားတွေလျော့ကျလာပြီး ကြွက်သားတွေထဲမှာ အားမရှိသလို ခံစားရတာဖြစ်ပါတယ်။

အဆစ်လွဲခြင်း

ဒေါက်မြင့်ဖိနပ်စီးသူတွေဟာ ခြေထောက်အဆစ်တွေအပေါ်မှာ ဖိအားအပိုတွေသက်ရောက်မှုကို  ခံစားရနိုင်ခြေကတော်တော့်ကိုများပါတယ်။

အဆစ်တွေကိုဖွဲ့စည်းမှုမျာ အဆိုပါဖိအားသက်ရောက်မှုတွေကို ကာကွယ်နိုင်စွမ်းမပါရှိထားတာကြောင့် ရုတ်တရက် ခလုတ်တိုက်တာမျိုး ချော်လဲတာမျိုးဖြစ်တဲ့အခါ   ခြေထောက်အဆစ်လွဲတာမျိုးဖြစ်ပေါ် ခံစားရစေနိုင်ပါတယ်။

ခြေသည်းတွေကို ပျက်စီးစေနိုင်ခြင်း

ဒေါက်မြင့်ဖိနပ်စီးသူတွေအနေနဲ့ ခြေသည်းတွေကို သန့်စင်အောင်ထားတာထက်ကို ပိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးသူတွေမှာ ပုံမှန်ထက်ခြေစွယ်ငုပ်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဒေါက်ဖိနပ်စီးတဲ့အခါ ဖိအားသက်ရောက်မှုကခြေထောက်တစ်ခုလ့ုးကကြွက်သားတွေအဆစ်တွေပေါ်အပြင် ခြေသည်းတွေပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ ခြေမခြေသည်းက အရေပြားထဲကို ကုတ်ဝင်နေတာမျိုးဖြစ်ပေါ်ခံစားရနိုင်သလို ခြေသည်းတွေမှာ မှိုပိုးဝင်တာမျိုးတွေလည်းခံစားရနိုင်ပါတယ်။

အရိုးအဆစ်ရောင်ရောဂါ ခံစားရနိုင်ခြေတိုးစေနိုင်ခြင်း

ဒေါက်ကို ၃ လက်မခွဲ (သို့) ၃လက်မခွဲအထက်စီးသူတွေမှာ အရိုးအဆစ်ရောင်ရောဂါ (osteoarthritis) ခံစားရနိုင်ခြေပိုများနေသလို မသန်စွမ်းဖြစ်တာမျိုးအထိ   ဖြစ်ပေးခံစားရနိုင်ပါတယ်။ ဒေါက်မြင့်မြင့်ဝတ်လေလေ အရိုးအဆစ်ရောင်ရမ်းမှုကိုခံစားရနိုင်ခြေများလေလေပဲဖြစ် ပါတယ်။

အထက်ပါအကြောင်းအရာလေးတွေကို ဖတ်ရှုပြီး ဒေါက်ဖိနပ်ကြိုက်နှစ်သက်သူတွေအနေနဲ့ မိမိမှာခံစားနေရတဲ့ ဒေါက်ဖိနပ်ကြောင့်ဖြစ်တဲ့လက္ခဏာတွေကိုသတိထားနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly