မြန်မာ ယူ ၁၉ ဘောလုံးအသင်းကို ပြည်တွင်းနည်းပြများ တာဝန်ပေး

မြန်မာ ယူ ၁၉ ဘောလုံးအသင်းကို ပြည်တွင်းနည်းပြများ တာဝန်ပေး
ဓာတ်ပုံ-MFF
 

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ။         ။ အာရှ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ ၁၉ ဘောလုံးအသင်းကို ပြည်တွင်းနည်းပြများ ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

အသင်းမန်နေဂျာအဖြစ် ဦးတင်မြင့်အောင် ၊ ယာယီနည်းပြချုပ်အဖြစ် ဦးချစ်နိုင် (Horizon FC)၊ လက်ထောက်နည်းပြ ဦးမင်းသူ(MFF)၊ ဂိုးနည်းပြ ဦးစိုင်းမောင်မောင်ဦး နှင့်  အသင်းအတွင်းရေးမှူး ဦးမိုးဝေအောင်တို့က တာဝန်ယူဆောင်ရွက် ကြမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ၁၉ အသင်းသည် ပြီးခဲ့သည့် အာဆီယံ ယူ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲဝင်ကစားသမား များအား အခြေခံဖွဲ့စည်းထားသော အသင်းဖြစ်ပြီး အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း မလေးရှားအသင်း ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ တတိယနေရာလုပွဲ၌ အင်ဒိုနီးရှားအသင်းကို ၇ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ကာ စတုတ္ထနေရာသာ ရရှိခဲ့ပြီးနောက်

ယင်း ယူ ၁၈ အသင်းနည်းပြဖြစ်သူ ပြင်သစ်လူမျိုး ဘန်လာဘီကို လျော်ကြေးငွေ နှစ်လစာ ပေးပြီး စာချုပ်ဖျက်သိမ်းထားသည်။

မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာရှ ယူ၁၉ ခြေစစ်ပွဲများအဖြစ် လာမည့် နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် တရုတ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အသင်းများနှင့် ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ကာ 2018 AFC U-19 Championship နောက်ဆုံးအဆင့် ပွဲစဉ်များကိုမူ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly