ခါကာဘိုရာဇီဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးလုပ်ဆောင်မှုကို ကချင်နိုင်ငံရေးပါတီများ ကန့်ကွက်

ခါကာဘိုရာဇီဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးလုပ်ဆောင်မှုကို ကချင်နိုင်ငံရေးပါတီများ ကန့်ကွက်

ရန်ကုန်၊ စက်တင်ဘာလ ၁၈ ။           ။ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်မြေအဖြစ် သတ်မှတ်ရန် ရည်ရွယ်မှုကို အကောင်အထည်မဖော်ဘဲ လုံးဝရပ်ဆိုင်းစေလိုကြောင်း ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(KPCC)က ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် သဘောထားထုတ် ပြန်ခဲ့သည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်မြေအဖြစ် သတ်မှတ်ရန် ရည် ရွယ်ကြောင်း သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်အပေါ် ဒေသခံတိုင်းရင်းသားများ၏ သဘောထားအများစုကို ပွင့်လင်းမြင်သာစွာ  ကောက် ခံထားမှုမရှိသည့်အတွက် လုံးဝရပ်ဆိုင်းစေလိုကြောင်း KPCCက သဘောထားထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

 “ အဓိကတော့ ဒီကျွန်တော်တို့ ဒေသခံတွေ မကြိုက်တဲ့အတွက်ကြောင့်မို့လို့ ကန့်ကွက်ခြင်းဖြစ်တယ်။ ပြီးရင် ၂ဝဝ၇ ခုနှစ် တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝနယ်မြေဆိုင်ရာဥပဒေပေါ့။ အဲ့ဒီဥပဒေပေါ်မှာ အဓိက ကျွန်တော်တို့ ဒေသခံတွေ ပါဝင်မှုမရှိဘူး။

အဲ့ဒီလိုပေါ့ မတရားတဲ့ ဥစ္စာတွေအများကြီးပဲ တွေ့ရတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကန့်ကွက်ရတာပါ”ဟု ကချင်အမျိုးသား ကွန်ဂ ရက်ပါတီ(KNC)မှ အထွေထွေအတွင်းရေးမှူး ဦး G.လန်းယော် ကပြောသည်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်နှင့် နောင်းမွန်းမြို့နယ်အတွင်းရှိ ဧက ၈၉၅, ဝ၄ဝ၊ စတုရန်းမိုင် ( ၁၃၉၈ ဒသမ ၅ )ရှိ နယ်မြေကို ထူးခြားသည့် ဂေဟစနစ်များ၊ ဇီဝမျိုးကွဲများ ထိန်းသိမ်းကာ ကွယ်ရန်နှင့် ခါကာဘိုရာဇီဒေသအား ကမ္ဘာ့သဘာဝအမွေအနှစ်နေရာအဖြစ် အမည်စာရင်း တင်သွင်းနိုင်၊ ရန်ပူတာအိုမြို့နယ် အတွင်းကျရောက်သည့် ဧက ၉၄၂,ဝ၈ဝ၊ စတုရန်းမိုင် (၁၄၇၂)ရှိ ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်ဧရိယာအတွင်းသို့ တိုးချဲ့ထည့်သွင်းနိုင်ရန်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တိုးချဲ့ဖွဲ့စည်းမည့် ဧရိယာ အဖြစ် တိုးချဲ့သတ်မှတ်ရန် ရည်ရွယ်ကြောင်း သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly