မန္တလေးတွင် စည်းကမ်းမလိုက်နာသော ဆေးဆိုင် ၂၀ကျော်ကို အရေးယူ

မန္တလေးတွင် စည်းကမ်းမလိုက်နာသော ဆေးဆိုင် ၂၀ကျော်ကို အရေးယူ

စက်တင်ဘာ ၁၈ ။         ။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များကို ပညာပေးစစ်ဆေးမှုများပြုလုပ်နေလျှက်ရှိရာ စက်တင်ဘာလ ၁၈ရက်နေ့အထိ စည်းကမ်းနှင့်မညီညွှတ်သည့် ဆေးဆိုင်ပေါင်း ၂၀ကျော်ကို အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး အစားသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး   ကော်မတီဝင် ဒေါက်တာ အေးငြိမ်းမြကပြောသည်။

"စစ်ဆေးအရေးယူမှုတွေဟာ စီးပွားရေးထိခိုက်စေလိုချင်းမဟုတ်ဘူး။ အများပြည်သူထံကို အရည်အသွေးအာမခံချက်မရှိတဲ့ ဆေးဝါးများမရောက်ရှိစေရန်နဲ့စပ်ဆေးတွေကြောင့် သုံးစွဲသူများဆိုးကျိုးမရှိစေရန်အတွက် ကာကွယ်တားဆီးရေးအနေနဲ့ဆောင်ရွက်တာပါ"ဟု ဒေါက်တာအေးငြိမ်းမြကပြောသည်။

ထိုသို့အသိပညာပေး၊ စစ်ဆေးဆောင်ရွက်နေခြင်းကို မြို့နယ်အစားသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့က ပြုလုပ်လျှက်ရှိပြီး စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်၍ တိုင်းဒေသကြီးအစေားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုကော်မတီ ဆုံးဖြတ်ချက်ဖြင့် စီမံခန့်ခွဲ မှုနည်း လမ်းအရအရေးယူနေလျှက်ရှိရာစည်းကမ်းနှင့် မညီသည့် ဆေးဆိုင် ၂၀ ကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူထားပြီး တစ်ဆိုင်ကို အမျိုးသား ဆေးဝါးဥပဒေအရ တရားစွဲဆိုထားကြောင်းသိရသည်။

ထိုသို့အရေးယူရာတွင် စီမံခန့်ခွဲမှုနည်းလမ်းအရ ဆေးဝါးရောင်းချခွင့်လိုင်စင် ယာယီ အနည်းဆုံး ၃လမှ အများဆုံး ၆ အထိပိတ်သိမ်းခြင်းဖြင့် လည်းကောင်း၊ အမျိုးသားဆေးဝါးဥပဒေဖြင့် တရားစွဲဆိုခြင်းတို့ဖြင်လည်းကောင်း အရေးယူနိုင်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly