ကျောက်ကပ်အစားထိုးကုသမှုခံယူခဲ့သည့် ဆယ်လီနာဂိုမက်ဇ်ကို နစ်ခ်ဂျိုးနက်စ်က ချီးကျူးအားပေး

ကျောက်ကပ်အစားထိုးကုသမှုခံယူခဲ့သည့် ဆယ်လီနာဂိုမက်ဇ်ကို နစ်ခ်ဂျိုးနက်စ်က ချီးကျူးအားပေး

 

ပြီးခဲ့သောနွေရာသီက ကျောက်ကပ်အစားထိုးကုသမှု ခံယူခဲ့သည်ဟု အဆိုတော်ဆယ်လီနာဂိုးမက်ဇ်က ထုတ်ဖော်ပြောဆိုခဲ့ပြီး မကြာမီတွင် အဆိုတော်နစ်ခ်ဂျိုးနက်စ်က သူမအတွက် အားပေးစကားပြောဆိုခဲ့သည်။

ဆယ်လီနာဂိုမက်ဇ်၏ သူငယ်ချင်းလည်းဖြစ် ရည်းစားဟောင်းလည်းဖြစ်သော နစ်ခ်ဂျိုးနက်စ်သည် သူမ ကျောက်ကပ်ကုသမှု ခံယူခဲ့ရသည်ဆိုသော သတင်းကိုကြားရချိန်တွင် အခြားသူများကဲ့သို့ အံ့သြတုန်လှုပ်သွားခဲ့ ရကြောင်း SiriusXM Hits 1 ရေဒီယိုအစီအစဉ်သို့ ပြောကြားခဲ့သည်။  

“အဲ့ဒီသတင်းကို ကြားရတဲ့အချိန်မှာ တခြားလူတွေလိုပဲ ကျနော်လည်း အံ့သြတုန်လှုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ဒုက္ခကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ သူမရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကတော့ တကယ့်ကိုသြချရလောက်အောင်ပါပဲ။ အားကျအတုယူဖို့ ကောင်းပါတယ်” ဟု နစ်ခ်ဂျိုးနက်စ်က ပြောခဲ့သည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၄ရက်နေ့တွင် ဂိုမက်ဇ်က သူမသည် ကျောက်ကပ်အစားထိုးကုသမှု ခံယူခဲ့ကြောင်း လူမှုမီဒီယာ၌ကြေညာခဲ့ပြီး သူမ၏သူငယ်ချင်းဖြစ်သူ မင်းသမီး ဖရန်စီယာရိန်ဆာက ကျောက်ကပ်လှူဒါန်းခဲ့ ကြောင်း ပရိသတ်များကို အသိပေးပြောဆိုခဲ့သည်။

“သူမနေကောင်းနေတာကို မြင်ရတာ ကျနော်ပျော်ပါတယ်။ ကြည့်ရတာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပုံရပါတယ်။ သူမရဲ့သူငယ်ချင်းက သူမကိုကူညီခဲ့တာဟာ သိပ်ကိုချစ်ဖို့ကောင်းတဲ့ အပြုအမူလေးပါပဲ။ ဒီအချင်းအရာတွေ အားလုံး အံ့သြသင့်စရာတွေချည်းပါပဲ” ဟု နစ်ဂျိုးနက်စ်က အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly