အကြမ်းဖက်မှု ကန့်ကွက်ရှုတ်ချပွဲ အတိုင်ပင်ခံ မိန့်ခွန်းပြောမည့်ရက်နှင့် တိုက်ဆိုင်နေ၍ ခွင့်မပြုသေး

အကြမ်းဖက်မှု ကန့်ကွက်ရှုတ်ချပွဲ အတိုင်ပင်ခံ မိန့်ခွန်းပြောမည့်ရက်နှင့် တိုက်ဆိုင်နေ၍ ခွင့်မပြုသေး

မန္တလေး စက်တင်ဘာ ၁၈ ။        ။ မန္တလေးမြို့ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် စက်တင်ဘာလ ၁၉ ရက်၊ နံနက် ၈ နာရီမှစတင်၍ ပြုလုပ်မည့် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမှုများ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများ ကန့်ကွက်ပွဲနှင့်ရှုတ်ချပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမည့်ရက်နှင့် တိုက်ဆိုင်နေခြင်းကြောင့် ခွင့်ပြုမိန့်မပေးကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီတွင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အခြေပြ မိန့်ခွန်းကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ပြောကြားမည်ဖြစ်သည်။

အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားမည့် အဆိုပါ မိန့်ခွန်းကို မန္တလေးမြို့ရှိ မနောရမ္မံလူထုဟစ်တိုင်ကွင်းတွင် LEDဘုတ်ဖြင့်  တိုက်ရိုက်ပြသသွားမည့်ဖြစ်သောကြာင့် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမှုများ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများ ကန့်ကွက်ပွဲနှင့်ရှုတ်ချပွဲကို ခွင့်ပြုမိန့်မပေးခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ဆိုသည်။

ထိုကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ရန်အတွက် ဦးဆောင်သူများက စက်တင်ဘာလ ၁၇ရက်က ခွင့်ပြုမိန့်တင်ခဲ့ခြင်းဖြစ်ပြီး ခွင့်မပြုကြောင်းကိုလည်း အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဦးစိုင်းကျော်ဇောကဆိုသည်။

"သူတို့ကို အကြောင်းကြားထားပါတယ်။ အဲဒီနေ့မှာ လုပ်မယ်ဆိုရင်တော့ ငြိမ်း၊ စု၊ စီနဲ့ ဥပဒေအတိုင်း အရေးယူမှာပေါ့"ဟု ဦးစိုင်းကျော်ဇောက ကပြောသည်။

အဆိုပါ ကန့်ကွက်၊ ရှုတ်ချပွဲပြုလုပ်ရန်အတွက် စာတင်ခဲ့သူ တစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းက "ကျွန်တော်တို့ အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ ညှိနေပါတယ်။ ညှိတုန်းဆိုတော့ ဘာမှပြောလို့ မရသေးပါဘူး"ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ယနေ့မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ကန့်ကွက်၊ ရှုတ်ချပွဲတွင် ဒေါက်တာကျော်ဆွေ(တောင်တွင်းကြီး)၊ အမတ်ဒိန်(ရန်ကုန်)၊ ဘူးလက်လှဆွေ၊ ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်)တို့က ဟောပြောမိန့်ကြားကြမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly