ကလေးစစ်သားဟောင်း အောင်ကိုထွေး အာမခံရမရ လာမည့်ရုံးချိန်းတွင်ဆုံးဖြတ်မည်

ကလေးစစ်သားဟောင်း အောင်ကိုထွေး အာမခံရမရ လာမည့်ရုံးချိန်းတွင်ဆုံးဖြတ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၈ ။          ။ မီဒီယာတစ်ခုတွင် တပ်မတော်၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည့် စကားလုံးများသုံးစွဲပြီး အင်တာဗျူးဖြေဆိုခဲ့သည်ဟုဆိုကာ နိုင်ငံတော်အကြည် အညိုပျက်စေမှု ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ကလေးစစ်သားဟောင်း အောင်ကိုထွေး အာမခံ ရ၊ မရ ကိုလာမည့် ရုံးချိန်းတွင်အမိန့် ချမည်ဖြစ်ကြောင်းသိရသည်။

" ဒီနေ့ချိန်းတယ် ဥပဒေအရာရှိဘက်ကတော့ စာနဲ့တင်တယ်။ ကျွန်တော်တို့ စွပ်စွဲခံရသူဘက်ကတော့ နူတ်နဲ့လည်းပေးတယ်။ လျှောက်လွဲချက်ကို စာနဲ့လည်းတင်ခဲ့တယ်။ အဲ့အပေါ်မှာနှစ်ဘက်လျှောက်လွဲချက်ကို တစ်ဖက်ကတော့ ဖတ်ပြီးပြီ ကြားလည်းကြားပြီးပြီ။ တစ်ဖက်ကတော့ မဖတ်ရသေးလို့ လာမယ့် ၁၀ လပိုင်း၂ ရက်နေ့ ကျရင် အမိန့်လည်းချမယ်။ ဆက်လည်းစစ်မယ်ဆိုပြီး ရုံးချိန်းကိုပြန်ချိန်းတာ " ဟု အောင်ကိုထွေး ၏ရှေ့နေ ဦးဇော်မင်းလှိုင် ကပြောဆိုသည်။

၅၀၅ (ခ) တွင် အာမခံပေးခြင်းမပေးခြင်းမှာ    တရားရုံး၏ ဆင်ခြေတုံတရားအရသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဦးဇော်မင်းလှိုင်ကဆိုသည်။

ထို့ကြောင့် စက်တင်ဘာ ၈ ရက်ရုံးချိန်းတွင် အာမခံပေးရန်နူတ်ဖြင့်လျှောက်ထားခဲ့ပြီး ယနေ့ (စက်တင်ဘာ ၁၈ ) တွင် နှစ်ဖက်လျှောက်လဲချက် ကို ကြားနာရန်ချိန်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" လျှောက်လွဲချက်ပေးပြီး အဲ့ဒီ့ရုံးကချက်ချင်းအမိန့်ချ ခဲ့တာတွေလည်းအများကြီးရှိတယ်။ မြန်မာပြည်ရဲ့တရားရုံးတွေမှာ  တရားရုံးရဲ့ဆင် ခြေတုံတရား အရလို့ ဥပဒေမှာ ပြဌာန်းထားတဲ့အတွက် တရားရုံးကဆင်ခြေဖို့ ဆင်ခြေတုံတရားအရ ဆင်ခြင်ဖို့အချိန်ယူတာပေါ့။ အခုချက်ချင်းကို သူမဆင်ခြင်နိုင်သေး လို့ ဆင်ခြင်ဖို့အတွက် အချိန်ယူတဲ့သဘောပါပဲ " ဟု ဦးဇော်မင်းလှိုင်ကဆိုသည်။

အောင်ကိုထွေး ပြည်တွင်းမီဒီယာတစ်ခုကိုဖြေဆိုခဲ့သည့်အင်တာဗျူးတွင် နိုင်ငံတော်အစိုးရကိုထိခိုက်စေပြီး ငြိမ်းဝတ်ပိပြားမှုကို ထိခိုက်စေသည့် အချက်များ ပါဝင်သည့်အတွက် ဥပဒေအရအရေးယူပေးရန် တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးမျိုး မြင့်အောင်က တရားရုံးကိုဦးတိုက်လျောက်ခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုခံခဲ့ရခြင်းနှင့် ပက်သက်ပြီး အောင်ကိုထွေး က " ကျွန်တော် RFA သတင်းဌာနမှာ ကလေးစစ်သားဘဝနဲ့အမှန်တကယ် ဒုက္ခခံစားခဲ့ရတဲ့အ ကြောင်းကို ကျွန်တော်ပြောခဲ့တယ်။   နိုင်ငံတော်အစိုးရလည်းမပါ သလို နိုင်ငံတော်အစိုးရလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လူပုဂ္ဂိုလ်နာမည်တွေလည်း မပါပါဘူး " ဟု ယနေ့ စက်တင်ဘာ ၁၈ ရက် သူ့ကိုရုံးထုတ်စဉ် တရားရုံးအဝင်ဝတွင်ပြောဆိုခဲ့သည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ကလေးစစ်သားဟောင်းဖြစ်သူ ကိုအောင်ကိုထွေးကို သြဂုတ်လ ၁၈ ရက်ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly