တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ ဆွဲကြိုးလုယက်ထွက်ပြေးသူ ၄ ဦး ဖမ်းမိ

တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ ဆွဲကြိုးလုယက်ထွက်ပြေးသူ ၄ ဦး ဖမ်းမိ
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့
 

ရန်ကုန်၊ စက်တင်ဘာလ ၁၈ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ၁၂ ရပ်ကွက်၊ လှိုင်တက္ကသိုလ်နယ်မြေ ဂန္ဓမာဆောင် အနီးတွင် စီးပွား ရေး တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ  ဆွဲကြိုးအား လုယက်ထွက်ပြေးသူ ၄ ဦးကို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ လုယက်ထွက်ပြေးသူများမှာ လှိုင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်တွင်နေထိုင်သည့် ကျော်ဇင်လတ် (ခ) ပြားကြီး၊ သံလုံး (ခ) သက်ထွန်းအောင်ဆိုသူနှင့် အမှတ် ၇ ရပ်ကွက်တွင်နေထိုင်သည့် ဇင်မျိုး(ခ) ဒဂုံ၊ မျိုးမင်းဦး (ခ) နှာပိဆိုသူတို့ ၄ ဦးတို့ဖြစ်သည်။

အဆိုပါ လုယက်သူ ၄ ဦးအနက် ကျော်ဇင်လတ်(ခ) ပြားကြီးဆိုသူက  ငွေလိုနေသဖြင့် အသက်အရွယ်ကြီးသူ များနှင့် အမျိုးသမီးများထံမှလုယက်ရန် တိုင်ပင်ခဲ့ကြပြီး စက်တင်ဘာလ ၁၇ ရက်နေ့၊ ညနေ ၅ နာရီ ၁၅ အချိန် တွင် လှိုင်မြို့နယ်(၁၂) ရပ်ကွက်၊ ရွှေဟင်္သာလမ်းအတိုင်းပြန်လာသည့် စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးထံမှ  ဝတ်ဆင်ထားသည့် ဆွဲကြိုးအား နှစ်ဦးက လုယက်ခဲ့ပြီး ကျန်နှစ်ဦး အသင့်စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်ဖြင့် ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တက္ကသိုလ်ကျောင်းသူထံမှ ဆွဲကြိုးအား လုယက်ခဲ့ရာတွင် ကျောင်းသူက ပြန်လည်ဆွဲယူသဖြင့် တန်ဖိုး ကျပ် တစ်သိန်းခွဲရှိ ရွှေလော့ကတ်သီးသာ  လုယူရရှိခဲ့ခြင်းဖြစ်သည်။  အဆိုပါသက်သေခံရွှေဆွဲသီး (အလေး ချိန်၂ ပဲ ၁ရွေး)ကိုလည်း လုယက်သူများ ရောင်းချထားသည့် လှိုင်ြမို့နယ်၊ (၉) ရပ်ကွက်ရှိ ရွှေဆိုင်မှရဲတပ်ဖွဲ့က  ပြန်လည်သိမ်း ဆည်းရမိ ခဲ့သည်။

အဆိုပါ လုယက်ထွက်ပြေးခဲ့သူများ မောင်းနှင်ထွက်ပြေးသည့် မော်တော်ယာဉ်ကို  ဒဂုံမြို့နယ်၊ ပြည်သူ့ ရင်ပြင် ဝန်းအတွင်းရှိ Traffic Control Centre တွင် တပ်ဆင်ထား သော CCTV မှတ်တမ်အရ  ရဲတပ်ဖွဲ့ဝင်များက စုံးစမ်းရှာဖွေရှာဖွေခဲ့ရာ လုယက်သူများအနက် ၃ ဦးကို အခင်းဖြစ်ည ၁ဝ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့ပြီး ကျော်ဇင်လတ် (ခ) ပြားကြီးဆိုသူကို ည ၁၁ နာရီ ၃ဝ မိနစ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ လုယက်ခဲ့သူ ၄ ဦးအား လှိုင်မြို့မရဲစခန်းတွင်(ပ) ၈၉၁ /၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားပြီး အခြားမှုများကျူးလွန်ခြင်းရှိ/မရှိ စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly