ကယ်ဆယ်ရေးပစ္စည်းများ တားမြစ်ခံရခြင်းအတွက် စိတ်မကောင်းကြောင်း ကြက်ခြေနီအသင်း ထုတ်ပြန်

ကယ်ဆယ်ရေးပစ္စည်းများ တားမြစ်ခံရခြင်းအတွက် စိတ်မကောင်းကြောင်း ကြက်ခြေနီအသင်း ထုတ်ပြန်

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ။            ။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးကို ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဒေသခံများက တားဆီးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းအပေါ် အထူးစိတ်မကောင်းဖြစ်ရကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

"အခုလို ဖြစ်သွားတဲ့အတွက် များစွာစိတ်မကောင်းဖြစ်မိပါတယ်။ နောက်နောင် အလားတူကိစ္စရပ်တွေ ထပ်မံမဖြစ်အောင် ပိုမိုသတိထားဆောင်ရွက်သွားမှာပါ။ ကြက်ခြေနီအနေနဲ့ အကူအညီလိုအပ်နေတဲ့သူတွေအတွက် လိုအပ်တဲ့ လူမှုကရုဏာ အကူအညီတွေကို ဆက်လက်ပေးသွားမှာပါ" ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက ပြောသည်။

တားဆီးခံရသည့် ကုန်တင်ယာဉ်တွင် စစ်တွေမြို့ရှိ ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံသို့ ပေးပို့မည့် ကယ်ဆယ်ရေးပစ္စည်းများ ပါဝင်ကြောင်းသိရသည်။

အဆိုပါယာဉ်သည် စက်တင်ဘာ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ပြီး  စစ်တွေမြို့သို့ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း ၊ ရောက်ရှိချိန်တွင် အချိန်နောက်ကျနေခြင်းကြောင့် ကားဂိတ်တွင် ညအိပ်နားရန် ပြန်လှည့်လာစဉ် ဒေသခံများက တားဆီးခဲ့ခြင်း ဖြစ်ကြောင်း ကြက်ခြေနီအသင်း၏ ထုတ်ပြန်စာတွင် ပါရှိသည်။

ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၂၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာခဲ့သူ ( ၁၉,၀၀၀) ကျော်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ   ဆောင်ရွက်ပေးထားခဲ့သည်။

ယင်းအပြင် ၂၀၁၂ ခုနှစ်မှ စတင်ပြီး လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်း၌ အကူအညီလိုအပ်သူများကို ရှေးဦးပြုစုကုသပေးခြင်း ၊ ဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ ယာယီစခန်းများတွင် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်ပေးမှုများ၊ သောက်သုံးရေနှင့် ဆိုလာမီးအိမ်များ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ ၊ ခြင်ထောင်များ စသည့် ကယ်ဆယ်ရေးပစ္စည်းများကို ကူညီပံ့ပိုးပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly