အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အတွက် မြန်မာ ယူ-၁၉ အသင်း အပြီးသတ် လူစာရင်းထုတ်ပြန်

အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အတွက် မြန်မာ ယူ-၁၉ အသင်း အပြီးသတ် လူစာရင်းထုတ်ပြန်
အာဆီယံပြိုင်ပွဲအတွက် လေ့ကျင့့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အသင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဘုတ်

၂၀၁၅ အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း လူစာရင်းကို သြဂုတ်လ ၁၂ ရက်က ကစားခဲ့သော ချင်းယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ထုတ်ပြန်ကြေညာလိုက် သည်။

အဆိုပါ လူစာရင်းတွင် ကစားသမား ၂၀ ဦး ပါဝင်ပြီး နည်းပြချုပ်အဖြစ် ဂတ်ဇီဆီ ဖရိုင်းဒရစ်၊ လက်ထောက်နည်းပြအဖြစ် ဦးညီညီလတ်၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော်ကျော်တို့ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ပြည်တွင်းတွင် မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ယူ-၁၆ လက်ရွေးစင် အသင်းတို့နှင့် ခြေစမ်းကစားခဲ့ပြီး သုံးပွဲနိုင် နှစ်ပွဲသရေ တစ်ပွဲရှုံး ရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။ ထို့ပြင် လာမည့် သြဂုတ်လ ၁၅ ရက်မှ ၂၀ ရက်အတွင်း ထိုင်းနိုင်ငံသို့ သွားရောက်ကာ ပူးပေါင်းလေ့ကျင့်မှုများ၊ ခြေစမ်းပွဲများ ကစားရန် စီစဉ်ထား သည်။

၂၀၁၅ အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်းသည် အုပ်စု (ခ) ၌ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ တီမော စသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အုပ်စု (က) တွင် အိမ်ရှင် လာအို၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားအသင်းတို့ ပါဝင်လျက်ရှိသည်။ ယင်းပြိုင်ပွဲကို လာအိုနိုင်ငံ၌ သြဂုတ်လ ၂၂ ရက်မှ  စက်တင်ဘာလ ၄ ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ ယူ-၁၉ အသင်းက အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၂၃ ရက် မြန်မာစံတော်ချိန် ညနေ ၅း၃၀ ၌ စင်ကာပူအသင်းနှင့် စတင်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

အာဆီယံပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း လူစာရင်း

ဂိုး - ဘုန်းသစ္စာမင်း၊ စိုးအာကာ

နောက်တန်း - စိုးမိုးထွန်း၊ ချမ်းမြေ့ထွန်း၊ ကျော်သူထွန်း၊ ဝင်းမိုးကျော်၊ ရဲရင့်အောင်၊ သူရိန်စိုး၊ လွင်မင်းသန့်၊ ကျော်သက်ဦး

အလယ်တန်း - ဈာနေရသူ၊ ဇင်ဖြိုးအောင်၊ စိုးလွင်လွင်၊ အောင်ဖြိုးဖြိုး၊ စစ်မင်း၊ ကောင်းချစ်နိုင်

ရှေ့တန်း - အောင်ဇင်ဖြိုး၊ အောင်ကောင်းမာန်၊ အာကာ၊ အောင်ဇော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly