စားသုံးသူ ဘေးကင်းရေးအတွက် မကွေးတိုင်းအတွင်းရှိ မြို့ ၅ မြို့တွင် စတင်အကောင်အထည်ဖော်နေ

စားသုံးသူ ဘေးကင်းရေးအတွက် မကွေးတိုင်းအတွင်းရှိ မြို့ ၅ မြို့တွင် စတင်အကောင်အထည်ဖော်နေ
Mobile Lab ဖြင့် စစ်ဆေးနေစဉ်။

စက်တင်ဘာ ၁၈ ။           ။ စားသုံးသူပြည်သူများ အစားအသောက်ဘေးကင်းလုံခြုံရးအတွက် မကွေးတိုင်းအတွင်း မြို့(၅)မြို့၌ ပထဆုံးအကြိမ် ရှေ့ပြေး Pilot Project တစ်ခုကို အကောင်အထည်ဖော်နေပြီး စက်ရုံများ၊ဈေးများတွင် ကုန်ပစ္စည်းများဝယ်ယူခြင်း ၊ ရွေ့လျားဓါတ်ခွဲခန်းယာဉ်ဖြင့် လက်တွေ့စမ်းသပ်အဖြေရှာခြင်းများ၊စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က မကွေးမြို့ရှိ ဆီစက်(၃)ခု ၊ဆီထွက်သီးနှံသိုလှောင်ရုံ(၃)ရုံ နှင့် စက်တင်ဘာလ ၁၇ ရက်နေ့က မြို့မဈေး ၊ ရန်ပယ်ဈေးများတွင် စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။

ထို့နောက်  ကျန် မြို့ ၄ မြို့ ဖြစ်သည့် ပွင့်ဖြူ ၊ အောင်လံ ၊ ရေနံချောင်း ၊ ပခုက္ကူ မြို့များတွင်လည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း FDA အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"အခုရှေ့ပြေးပရောဂျက် စစ်ဆေးချက်တွေကနေ အဖြေတွေထုတ်ပြန်သွားပါမယ်။ နောက်ထပ်ပရောဂျက်တွေ အများကြီးလုပ်ဖို့ ရှိပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနနဲ့ချိတ်ဆက်ပြီး လယ်ကွင်းထဲထိ ဆင်းသင့်ရင် ဆင်းမယ်။ စိုက်ပျိုးသီးနှံတွေမှာ အန္တရာယ်ကင်းဖို့ရာ ပညာပေးအစီအစဉ်တွေ ၊ အရေးယူမှုတွေ ဘာလုပ်မလဲဆိုတာအတွက် နောက်ထပ် ပရောဂျက် တွေအများကြီးလုပ်နိုင်ဖို့ ဒါက ရှေ့ပြေးပရောဂျက်ပါ" ဟု  FDA မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးက ပြောသည်။

ယခုစစ်ဆေးမှုမှာ နေပြည်တော်မှ မိုဘိုင်းအနေဖြင့်လာစစ်ဆေးခြင်းဖြစ်ပြီး နေပြည်တော်မှ ညွှန်ကြားရေးမှူး (အစားအသောက်)ဦးစီးသည့်ပညာရှင်ဝန်ထမ်း(၁၀)ဦး ၊ FDA ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စီစစ်ရေးဦးစီးဌာန တာဝန်ရှိသူများ ပါဝင်သည်။

"အမြဲတမ်းစစ်ပေးနိုင်ရင်တော့ ပြည်သူတွေက လုံခြုံတာပေါ့။ အပတ်စဉ်ကွင်းဆင်းစစ်ဆေးပြီး သံသယဖြစ် စရာတွေတွေ့ပေမယ့် ဓါတ်ခွဲခန်းမရှိတဲ့အတွက် စီမံခန့်ခွဲမှုနည်းနဲ့ အန္တရာယ်ရှိကုန်ပစ္စည်းရောင်းချနေတာကို တားမြစ်တာတွေ မလုပ်နိုင်သေးဘူး။ ပညာပေးတာ ၊ သတိပေးမှတ်တမ်းတင်လက်မှတ်ထိုးတာမျိုးပဲ လုပ်နိုင်သေးတယ်။ မကွေးတိုင်းဒေသကြီးမှာ Mobil Lab ရှိလာရင် အများကြီးအကျိုးရှိလာမယ် ” ဟု စားသုံးသူရေးရာဦးစီးဌာန ၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်အေးအေးမိုးက ပြောသည်။

ဌာနများအားလုံးက သူ့ဌာန၊ကိုယ့်ဌာနမခွဲပဲ ယခုကဲ့သို့တက်ညီလက်ညီဆောင်ရွက်ကြမည်ဆိုပါက အစား အသောက်နှင့်ပတ်သက်၍ ပြည်သူများဘေးကင်းလုံခြုံလာမည်ဟု ဒေါ်အေးအေးမိုးက သုံးသပ်ခဲ့ပြီး လိုက်နာဖို့လိုသည်များကို တစ်ဦးချင်းလိုက်နာကြပြီး အားလုံးအတွက်စိတ်ရှည်ရှည်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ၊ ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုက ဆိုသည်။

"အရေးယူမှုအပိုင်းကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ အခြား Policy Makers တွေရဲ့ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်သွားမှာပါ။ အန္တရာယ်ရှိတဲ့အစားအသောက်တွေကို ဘယ်သူကမှ စားသုံးသူလက်ထဲမရောက်စေချင်ဘူးဆိုတော့ အရေးယူမှုအပိုင်းတွေက ပါလာမှာပါ။ မကွေးတိုင်းအတွက်လည်း Mobile Lab ယာဉ်တစ်စီး ရရှိဖို့တင်ပြထားပါတယ်" ဟု FDA မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးက ပြောသည်။
 
ပြည်သူများအနေဖြင့် Consumer Education အားနည်းနေသေးကာ   ရွေးချယ်စားသုံးတတ်သည့်လိုအပ်ချက် များစွာရှိနေကြောင်း ၊ မည်သည့်အစားအသောက်က မစားသုံးသင့်ပါ ဆိုသည့်နေရာတွင်ရပ်ထား၍ မရခြင်းကြောင့် တစ်ဘက် တစ်လမ်းမှ စစ်ဆေးမှု၊အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly