ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သော ကုထုံး

ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သော ကုထုံး

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

ရင်သားတွဲကျတာနဲ့ ပတ်သက်ပြီး တချို့တွေက မျိုးရိုးဗီဇကို အပြစ်ဖို့တယ်၊ တချို့တွေက ကမ္ဘာ့ဆွဲအားကိုရမယ်ရှာတယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ရင်သားတွဲကျနေတာကို လှတယ်လို့ ဘယ်အလှစံသတ်မှတ်ချက်ကမှ မသတ်မှတ်ထားတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။ သိပ္ပံနဲ့နည်းပညာတွေ တိုးတက်ထွန်းကားလာတာနဲ့အမျှ ဆေးပညာဟာလည်း ကျွဲကူးရေပါဆိုသလို ခမ်းနားဖွံ့ဖြိုးလာတာမို့ ဒီကိစ္စဟာ ပြဿနာမဟုတ်တော့ပါဘူး။ ကျွန်မတို့ အမျိုးသမီးတွေအားလုံးဟာ ပြည့်ဖြိုးပြီး တင်းတင်းရင်းရင်းရှိတဲ့ ရင်သားကို အလိုရှိကြတာမို့ ရင်သားကို ပြန်လည် ပင့်တင်ပေးတဲ့ ခွဲစိတ်မှုအပါအဝင် တခြားခွဲစိတ်မှုတွေဟာ အလွန်ပဲ ခေတ်စားလာပါပြီ။ ဒီခွဲစိတ်မှုနဲ့ပတ်သက်ပြီး ပိုမိုသိရှိစေနိုင်ဖို့အတွက် အောက်ပါဆောင်းပါးကို ဖတ်ရှုပေးပါဦး။

ဒီလိုမျိုးရင်သားကို ပင့်တင်ပေးတဲ့ခွဲစိတ်မှုကို ဆေးပညာစာလုံးနဲ့mastoplexy လို့ခေါ်ပြီး သူ့ရဲ့အဓိကရည်ရွယ်ချက်က သင့်ရဲ့ ရင်သားတွေကို ရှိသင့်တဲ့နေရာ ဒါမှမဟုတ် ပိုပြီး တင်းတင်းရင်းရင်းနဲ့ အပေါ်ရောက်နေအောင် (ငယ်ငယ်တုန်းကလိုပေါ့) နေရာပြန်ချတာပဲ ဖြစ်ပါတယ်။

ဘာလို့ ဒီခွဲစိတ်မှုကို ပြုလုပ်ဖို့ လိုတာလဲ။

အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ကနေ နို့ရည်တွေကို ထုတ်လုပ်တာ၊ သိုလှောင်တာတွေ ပြုလုပ်လာတဲ့အတွက် ပွားများလာတဲ့နို့ရည်ပို့ပြွန်တွေကို နေရာပေးနိုင်ဖို့အတွက် ရင်သားက ပုံမှန်ထက် အများကြီးပိုကြီးလာပါတယ်။ အချိန်တစ်ခုကြာတဲ့အခါ ရင်သားက စတင်ကျုံ့လာပြီး တွဲကျလာပါတယ်။ အဲဒီ့အချိန် သူမရဲ့ရင်သားအောက်မှာ ခဲတံတစ်ချောင်းကို ညှပ်ထားနိုင်ရင် ဒါမှမဟုတ် နို့သီးခေါင်းတွေ အောက်ဖက်စိုက်နေရင် သူမအနေနဲ့ ရင်သားပင့်တင်တဲ့ခွဲစိတ်မှု ပြုလုပ်နိုင်ပြီး ဒါဟာ ဆေးပညာအရ လုပ်ကိုလုပ်ရမယ့် လိုအပ်မှုမဟုတ်ဘဲ အလှအပအတွက်မျှသာ ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေက ဒါကို ပြဿနာတစ်ခုလို့ မသတ်မှတ်ပေမယ့် တချို့ကျပြန်တော့လည်း အဆင်မပြေဖူးလို့ခံစားရတာကြောင့် ရင်သားပင့်တင်တဲ့ခွဲစိတ်မှုကို ခံယူလိုကြပါတယ်။

ဘယ်သူတွေ ခွဲစိတ်မှု ခံယူသင့်သလဲ။

အထက်မှာ ဖော်ပြခဲ့သလိုပဲ ဒီခွဲစိတ်မှုခံယူလိုရတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဆန္ဒရှိလို့ လုပ်တယ်၊ ဒီမွေးရာပါ ရင်သားပုံစံကို မကြိုက်လို့၊ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်အများကြီးကျသွားလို့ လုပ်တယ်၊ ကိုယ်ဝန် အကြိမ်များများဆောင်ဖူးလို့ လုပ်တယ် ဒါမှမဟုတ် မိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက် လုပ်တယ် စသဖြင့်အစုံပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ ခွဲစိတ်မှု ခံယူမယ်ဆိုရင် အောက်ဖော်ပြပါ အချက်တွေရှိနေသင့်ပါတယ်။
• ရင်သားတွေက တွဲကျပုံပျက်နေတယ်၊ တင်းတင်းရင်းရင်း မရှိဘူး။
• ကိုယ်ဝန်အကြိမ်များများဆောင်ထားဖူးတယ်။
• ကိုယ်အလေးချိန် အတက်အကျများတယ်၊ မြန်တယ်။
• နို့သီးခေါင်းလေးတွေက ရှေ့တည့်တည့်ကို ထိုးထွက်မနေတော့ဘဲ အောက်ကို စိုက်နေတယ်။
• အသက်ကြီးလာလို့ ရင်သားတွဲကျလာတယ်။

ဘယ်လိုအမျိုးသမီးတွေအနေနဲ့ ခွဲစိတ်မှု မခံယူသင့်ဘူးလဲ။

ရင်သားပင့်တင်တဲ့ခွဲစိတ်မှုဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားကိုသာမက ယုံကြည်မှုကိုပါ မြှင့်တင်ပေးပါတယ်။ တချို့အမျိုးသမီးတွေဟာ ကိုယ့်အရှိအတိုင်းကိုပဲ သဘောကျကျေနပ်ပြီး ဘာခွဲစိတ်မှုမှခံယူဖို့မလိုအပ်ပေမယ့် တချို့ကျပြန်တော့လည်း ပိုပြီးလှချင်တာကြောင့် ဒီခွဲစိတ်မှုကိုပြုလုပ်လိုကြပါတယ်။

ဒီတော့ အကြမ်းဖျင်းပြောရရင် လက်ရှိအနေအထားအတိုင်းပဲ လက်ခံကျေနပ်တဲ့ အမျိုးသမီးတွေအနေနဲ့ ခွဲစိတ်မှု ပြုလုပ်ဖို့မလိုအပ်သလို စီးပွားရေးအဆင်မပြေတဲ့ အမျိုးသမီးတွေအနေနဲ့လည်း မပြုလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဆရာဝန်ကောင်းကောင်းနဲ့ ခွဲစိတ်မယ်ဆိုရင် ရင်သားပင့်တင်ခွဲစိတ်မှုအများစုဟာ သိန်းဆယ်ဂဏန်း အတော်များများကုန်ကျနိုင်လို့ပဲ ဖြစ်ပါတယ်။

ခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေ ပြင်ဆင်ရမလဲ။

သင့်ရင်သား ပြီးပြည့်စုံစွာ လုံးဝဖွံ့ဖြိုးပြီးတဲ့အချိန်မှ ဒီခွဲစိတ်မှုကို ပြုလုပ်နိုင်တယ်ဆိုတာ သိထားရပါမယ်။ ခွဲစိတ်မှုဟာ ကလေးနို့တိုက်တာကို ဘာအနှောင့်အယှက်မှ မပေးတဲ့အတွက် ကိုယ်ဝန်မဆောင်ခင် ဖြစ်စေ၊ ကိုယ်ဝန်ဆောင်ပြီးချိန်မှာဖြစ်စေ ခွဲစိတ်မှုခံယူနိုင်ပါတယ်။

ခွဲစိတ်ပြီးတဲ့အခါ သင်ဖြစ်စေချင်တဲ့၊ လိုချင်တဲ့ရင်သားရဲ့အရွယ်အစားနဲ့ ပုံစံကို ကျွမ်းကျင်တဲ့ခွဲစိတ်ဆရာဝန်နဲ့အသေအချာ တိုင်ပင်ဆွေးနွေးပါ။ သင့်အတွက်အကောင်းဆုံးဖြစ်မယ့် ခွဲစိတ်မှုပုံစံကို သိရှိနိုင်စေဖို့အတွက် သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြပါ။

ခွဲစိတ်မှုပြုလုပ်ပြီး တစ်လကနေ တလခွဲလောက်အတွင်းမှာ သင့်အနေနဲ့ရှောင်ကြဉ်ရမှာတွေ အများကြီးရှိတာမို့ ဒါတွေနဲ့ပတ်သက်ပြီး မခွဲစိတ်ခင်အချိန်ကတည်းက အသေအချာ အစီအစဉ်ဆွဲပါ။ ခွဲစိတ်မှုခံယူမယ့် လူနာအနေနဲ့ဆေးလိပ်သောက်တတ်ရင် ဖြတ်ထားဖို့၊ အလေးအပင်မမဖို့နဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေကို သုံးစွဲဖို့ဆရာဝန်တွေက အများအားဖြင့် အကြံပေးလေ့ရှိကြပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly