(၇၃)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် အသင်းအဖြစ် ရီးယဲလ်အသင်း မှတ်တမ်းဝင်

(၇၃)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် အသင်းအဖြစ် ရီးယဲလ်အသင်း မှတ်တမ်းဝင်
(ဓာတ်ပုံ - အီးပီအေ)

နည်းပြဇီဒန်းရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ တနင်္ဂနွေနေ့ လာလီဂါပွဲစဉ် ဆိုစီဒက်နှင့်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အခုဆိုရင် (၇၃)ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားပြီး ဘရာဇီးကလပ် ဆန်တို့စ်အသင်းရဲ့ နှစ်ပေါင်း ၅၄ နှစ်ကြာ တင်ရှိထားတဲ့ စံချိန်နှင့် တူညီသွားပြီဖြစ်ကြောင်း သိရပါတယ်။

ဘရာဇီးကလပ် ဆန်တို့စ်အသင်းရဲ့ ၇၃ ပွဲဆက်တိုက်ဂိုးသွင်းယူခဲ့တဲ့ စံချိန်ဟာ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှ ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်ထိဖြစ်ပြီး ၅၂ ပွဲနိုင်၊ ၁၄ ပွဲ သရေ၊ ၇ ပွဲရှုံး၊ ၂၄၅ ဂိုးသွင်းယူပြီး ပေးဂိုး ၉၆ ဂိုး ရလဒ်ဖြင့် မှတ်တမ်းတင်ရှိထားပါတယ်။ ၎င်းကာလအတွင်း ဂန္တဝင်ကစားသမား ပီလီဟာ ဆန်တို့စ်အသင်းမှာ ကစားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ ၆၃ ပွဲဆက်ဂိုးသွင်းစံချိန်ကို ၂၀၁၂-၁၃ နှင့် ၂၀၁၃-၁၄ တို့မှာ ရရှိခဲ့ပြီး ဒီစံချိန်ကို ရီးယဲလ်အသင်းက အစောပိုင်းမှာ ရိုက်ချိုးခဲ့ပြီးဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်ရဲ့ ပွဲဆက်ဂိုးသွင်းစံချိန်ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ဆိုစီဒက်အသင်းနှင့်ပွဲမှာ ဘေးလ်ရဲ့ တဂိုးတည်းသော အနိုင်ဂိုးနဲ့ စတင်ခဲ့တာဖြစ်ပြီး ဆန်တို့စ်အသင်းရဲ့ စံချိန်ကို အခုလိုအလျင်အမြန် လိုက်မီခဲ့ပါတယ်။

ဆိုစီဒက်ကို ၃-၁ ဂိုးနှင့် အနိုင်ရတဲ့ပွဲစဉ်မှာ အသက် ၂၀ အရွယ် လူငယ်တိုက်စစ်မှူး  ဘော်ဂျာ မာယိုရယ်က ပွဲချိန် ၁၉ မိနစ်မှာ ရီးယဲလ်အသင်းအတွက် အဖွင့်ဂိုးသွင်းပြီး အဆိုပါစံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ခြေစွမ်းနှင့် ပတ်သက်လို့ ပရိသတ်ေွရဲ့ လှောင်ပြောင်မှုခံရနေရတဲ့ ဘေးလ်ဟာ ဒီကနေ့ပွဲမှာ ခြေစွမ်းပြပြီး ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ပွဲပယ်ခံထားရတဲ့ စီရော်လ်နယ်ဒိုမပါဘဲ ပြည်တွင်းပွဲစဉ်တွေ ကစားခဲ့ရပြီး လာလီဂါဇယားမှာ ထိပ်ဆုံးက ဘာစီလိုနာအောက် ၄ မှတ်အကွာ ရမှတ် ၈ မှတ်နဲ့ ရပ်တည်နေပါတယ်။

စီရော်လ်နယ်ဒိုဟာ တနင်္ဂနွေပွဲစဉ်အပြီးမှာတော့ ၅ ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘက်တစ်နဲ့ပွဲစဉ်မှာ ဝင်ရောက်ကစားနိုင်တော့မှာဖြစ်ပါတယ်။

ရီးယဲလ်အသင်းရဲ့ (၇၃)ပွဲဆက် ဂိုးသွင်းမှတ်တမ်းမှာ ၅၄ ပွဲနိုင်၊ ၁၄ ပွဲ သရေကျပြီး ၅ ပွဲသာ ရှုံးနိမ့်ပါတယ်။ အဲဒီပွဲစဉ်တွေမှာ သွင်းဂိုး ၁၉၇ ဂိုးနှင့် ပေးဂိုး ၈၀ ရှိခဲ့ပါတယ်။

Ref; The Sun, EFE, Ronaldo.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly