ပဲပြားကြိုက်တတ်သူတွေ သိထားသင့်တဲ့ဘေးထွက်ဆိုးကျိုး

ပဲပြားကြိုက်တတ်သူတွေ သိထားသင့်တဲ့ဘေးထွက်ဆိုးကျိုး

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

ပဲပြားကြိုက်တတ်သူတွေ သိထားသင့်တဲ့ဘေးထွက်ဆိုးကျိုး

အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ပဲပြားကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တရုတ်ပြည်မှာ စတင်လူကြိုက်များခဲ့တာဖြစ်ပါတယ်။ အခုတော့ အင်ဒိုနီးရှား၊ မလေးရှား၊မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေမှာ စားသုံးသူများပြားနေပါပြီ။ အသားရှောင်တဲ့ သတ်သတ်လွတ်သမားတွေအတွက် အာဟာရပြည့်စေတဲ့ အစားအစာလည်းဖြစ်ပါတယ်။

လတ်ဆတ်တဲ့ပဲပြားတွေရှိသလို ပြုပြင်စီမံထားတဲ့ပဲပြားတွေလည်းရှိပါတယ်။ ပဲပြားမှာ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ပရိုတင်းဓာတ်များတယ်၊ အဆီဓာတ်နည်းပါတယ်။ ထုတ်လုပ်ပုံထုတ်လုပ်နည်းတွေအပေါ်မူတည်ပြီး ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုလည်းများပါတယ်။

ပဲပြားမှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများပါတယ်။ သူ့မှာပါတဲ့ ပဲပိစပ်က ကိုလက်စထရောကင်းပြီး ပရိုတင်း၊polyunsaturated fatty acids၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်ဘီအုပ်စုနဲ့သံဓာတ်တို့ပါဝင်ပါတယ်။

ပဲပြားစားလွန်းရင် ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးများ                          

ဘယ်အရာမဆို များလွန်းရင်မကောင်းပါဘူးဆိုတဲ့အထဲမှာ ပဲပြားလည်းပါပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် ပဲပြား သို့မဟုတ် ပဲပိစပ်ထုတ်ကုန်တွေကို စားသုံးမှုများလွန်းရင် ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။

မကောင်းတဲ့ကိုလက်စထရော (LDL) ကိုလျော့နည်းစေပြီး ကင်ဆာရောဂါတချို့ကိုဖြစ်နိုင်ခြေနည်းပါးစေတယ်ဆိုတဲ့ isoflavone ဒြပ်ပေါင်းတွေကလည်း အလွန်အကျွံစားသုံးမိရင် ဘေးဖြစ်စေနိုင်ပါတယ်။ isoflavone က အက်စထရိုဂျင်ဟော်မုန်းအတိုင်း အသွင်ဆောင်တဲ့ လုပ်ဆောင်ချက်ရှိတာကြောင့် သိုင်းရွိုက်မှာ အနှောင့်အယှက်ဖြစ်စေပြီးလုပ်ဆောင်ချက်ကမောက်ကမဖြစ်စေနိုင်ပါတယ်။

ပဲပိစပ်စားသုံးမှုလွန်ကဲရင် အမျိုးသားရော အမျိုးသမီးမှာပါ မျိုးပွားမှုပိုင်းပြဿနာတွေရှိလာစေနိုင်တဲ့အပြင် ပျိုဖော်ဝင်ချိန်လည်းစောစေနိုင်တယ်လို့ သုတေသနတွေက ဖော်ပြခဲ့ပါတယ်။

ပဲပိစပ်ကိုနည်းနည်းလေးစားရုံနဲ့ရင်သားကင်ဆာအန္တရာယ်ကိုကာကွယ်နိုင်တယ်လို့ ပြောခဲ့ကြပေမယ့်  အလွန်အကျွံစားသုံးရင် ရင်သားကင်ဆာဖြစ်စေဖို့တောင်အားပေးတယ်လို့ လေ့လာမှုတချို့ကတွေ့ရှိခဲ့ပါတယ်။

ပဲပြားနဲ့ ပဲပိစပ်ပါတဲ့တခြားစားသောက်ကုန်တွေကို တန်သင့်ရုံအထိုက်အလျောက်စားသုံးတာက အကောင်းဆုံးဖြစ်သလို နေ့စဉ်အာဟာရမှာ ထည့်သွင်းစားသုံးရင်လည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရှိစေနိုင်ပါတယ်။

သုတေသနတစ်ခုမှာတော့ ပဲပြားစားသုံးမှုလွန်ကဲခြင်းက အသက်ကြီးသူတွေမှာ dementia (မှတ်ဉာဏ်ချို့ယွင်းခြင်း)ဖြစ်ပွားမှုနဲ့ဆက်နွှယ်နေတာတွေ့ရပြီး လူငယ်၊လူလတ်ပိုင်းတွေမှာတော့ဦးနှောက်ကိုအကာအကွယ်ပေးနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။

ပဲပိစပ်က ခန္ဓာကိုယ်ရဲ့ဆေးဝါးတွေစုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေတာကြောင့် လည်ပင်းကြီးရောဂါ (hypothyroidism) ရှိသူတွေအနေနဲ့ သိုင်းရွိုက်ဆေးဝါးတွေသောက်ပြီး လေးနာရီအတွင်း ပဲပိစပ်မစားဖို့ Mayo Clinic မှပညာရှင် Todd B. Nippoldt ကအကြံပြုထားပါတယ်။ ပဲပိစပ်မှာပါတဲ့ Isoflavones တွေက သိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လည်ပင်းကြီးရောဂါကိုပိုဆိုးစေ တယ်လို့ Thyroid-Info.com မှာဖော်ပြထားပါတယ်။

အမေရိကန်ကျန်းမာရေးဌာနကလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေမှာဖော်ပြခဲ့တဲ့ တခြားဘေးထွက်ဆိုးကျိုးတချို့ထဲမှာ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုနဲ့ အစာမကြေခြင်း ပြဿနာတွေပါဝင်ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနဲ့အရေပြားပြဿနာတို့လည်း ရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။

ပဲပိစပ်နဲ့ပတ်သက်လို့ ကျန်းမာရေးပြဿနာတွေမရှိကြောင်း ဖော်ပြတဲ့သုတေသနတွေရှိသလို ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်လို့ ထောက်ပြတဲ့လေ့လာမှုတွေလည်းရှိပါတယ်။ ပဲပိစပ်နဲ့ထုတ်လုပ်တဲ့စားသောက်ကုန်တွေမှာ ပဲစိုက်ပျိုးမှုနည်းလမ်းနဲ့ ပြန်လည်စီမံပုံ နည်းလမ်းတို့အပေါ် မူတည်ပြီး isoflavones ပါဝင်မှုပမာဏ ကွာခြားကြတာကြောင့်လည်း အန္တရာယ်ရှိမရှိ သုတေသနထောက်ပြနိုင်ဖို့ ခက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly