နှစ်ဖက်အသိုင်းအဝိုင်းကြား သဟဇာတဖြစ်ဖို့ အများကြီး ခက်ခဲသွားပြီလို့ ရခိုင်ဝန်ကြီးချုပ်ပြော

နှစ်ဖက်အသိုင်းအဝိုင်းကြား သဟဇာတဖြစ်ဖို့ အများကြီး ခက်ခဲသွားပြီလို့ ရခိုင်ဝန်ကြီးချုပ်ပြော
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားများနှင့် မူဆလင်အသိုင်းအဝိုင်း နှစ်ခုအကြား သဟဇာတဖြစ်ရေးသည် လက်ရှိတွင် အခက်ခဲဆုံး အနေအထား ရောက်သွားပြီဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုလိုက်သည်။

“တိုတိုရှင်းရှင်း ပြောရရင်တော့ ကျွန်တော်တို့ အများကြီး ခက်ခဲသွားပါပြီ။ အရင်တုန်းက တတ်နိုင်သမျှ ပေါင်းစည်းအောင် လုပ်ခဲ့တယ်။ ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ အစိုးရ တာဝန်ယူကတည်းက ဒါကို ဦးစားပေးပြီး လုပ်တယ်။ သို့သော် လုပ်ရင်းလုပ်ရင်းနဲ့ ပိုပြီးတော့သာ အခက်အခဲတွေ ဖြစ်လာတယ်။ အခု အခက်ခဲဆုံး ဖြစ်သွားတယ်” ဟု ဦးညီပုက ပြောသည်။

ARSA ဟု အမည်ပေးထားသည့် မူဆလင်စစ်သွေးကြွများက ဩဂုတ်လ ၂၅ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို စတင်တိုက်ခိုက်ခဲ့သည့် ပဋိပက္ခများကြောင့် နှစ်ဖက်အသိုင်းအဝိုင်းအကြား အပြန်အလှယ်ယုံကြည်မှု တည်ဆောက်ရန် များစွာ အချိန်ယူရတော့မည်ဟု ဦးညီပုက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အင်မတန် ခက်ခဲတဲ့အနေအထား ဖြစ်သွားတဲ့အတွက် တော်တော့ကို အချိန်ယူပြီးတော့ အဆင့်ဆင့်လုပ်ရမယ့် အနေအထား ဖြစ်သွားတယ်။ တစ်ကယ့်ကို အစီအမံတွေ ချပြီးတော့ ဆောင်ရွက်ရမယ့် အနေအထားမျိုး ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ပဋိပက္ခများကြောင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက် လူမျိုးများ၊ မြိုလူမျိုးများ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက် ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပြီး နေရပ်ထွက်ပြေးတိမ်းရှောင်ကြရသည့် လူဦးရေ နှစ်သောင်းနီးပါးရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

တခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသူ အရေအတွက်မှာ လူဦးရေ သိန်းဂဏန်းအထိ ရှိနေသည်ဟု ကုလသမဂ္ဂက ပြောဆိုထားသည်။

အဆိုပါ ကိန်းဂဏန်းများအပေါ် ပြည်နယ်အစိုးရက စိစစ်မှုများ လုပ်ဆောင်လျက်ရှိပြီး ပြန်လာမည့်သူများကိုလည်း စိစစ်ပြီးမှ လက်ခံမည်ဟု နေပြည်တော်သို့ အစည်းအဝေးလာတက်သည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက စက်တင်ဘာ ၁၇ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

“ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့်သူတွေကို ပြန်လက်ခံမယ့်အစီအစဉ်ကတော့ နိုင်ငံတော်အစိုးရနဲ့ တိုင်ပင်ပြီးတော့ လုပ်သွားမှာပါ။ နိုင်ငံတော်အစိုးရကလည်း ဒါတွေကို ပြောထားပြီးသားပါ။ ပြန်လည်စိစစ်ပြီးတော့ လက်ခံဖို့ဆိုတာ။ ဒါတွေကတော့ တဖြည်းဖြည်း လုပ်ရမှာပါ” ဟု ဦးညီပုက ပြောသည်။

လက်ရှိတွင် ပဋိပက္ခများကို ထိန်းထားနိုင်ပြီဖြစ်ပြီး မီးလောင်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များကို ပြန်လည် တည်ဆောက်ပေးရန် စီစဉ်နေပြီဟုလည်း ၎င်းက ဆိုသည်။

ဩဂုတ်လ ၂၅ရက်မှ လကုန်အထိတွင်ပင် အိမ်ခြေပေါင်း နှစ်ထောင်ကျော် မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့ရသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags