ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲရန် ယခင်ကထက် ပိုမိုခက်ခဲလာပြီဖြစ်ကြောင်း မော်ရင်ဟို ပြော

ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲရန် ယခင်ကထက် ပိုမိုခက်ခဲလာပြီဖြစ်ကြောင်း မော်ရင်ဟို ပြော

စက်တင်ဘာ ၁၇၊ အင်္ဂလန် ။            ။ ပရီးမီးယားလိဂ်အသင်းများ၏ စီးပွားရေးအင်အားကြောင့် ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲနိုင်ရန်မှာ ယခင်ကထက် ပိုမိုခက်ခဲလာပြီ ဖြစ်ကြောင်း မန်ယူနည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်တွင် ချန်ပီယံဖြစ်နိုင်ရန်မှာ ဘယ်တုန်းကမှ ယခုလောက်မခက်ခဲဖူးကြောင်း မော်ရင်ဟိုက ယုံကြည်နေသည်။

"အသင်းတိုင်းက စီးပွားရေးအင်အားတောင့်တင်းခိုင်မာကြတာကြောင့် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့က တော်တော်ကို ခက်ခဲလာပါပြီ။ ဘယ်တုန်းကမှ အခုလောက် မခက်ခဲခဲ့ဖူးလို့ ထင်ပါတယ်။

စီးပွားရေးအကြောင်းကို ပြောကြတဲ့အခါ ကစားသမားသစ်ဝယ်တာကိုပဲ ပြောလို့ မရပါဘူး။ အခု အသင်းတိုင်းက သူတို့ရဲ့ ကစားသမားကောင်းတွေကိုမရောင်းပဲ ထိန်းသိမ်းထားနိုင်ကြပါတယ်။ ရာသီတိုင်းကတော့ ခက်ခဲတာပါပဲ။ ဒါပေမဲ့ အခုအချိန်မှာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေကြတဲ့ အသင်းက ခြောက်သင်း၊ ခုနှစ်သင်းလောက်ရှိနေပါတယ်။

အခုဆိုရင် အဆင့်ခြောက်နောက်ပိုင်းက အသင်းတိုင်းက အသင်းကြီးတွေကို ဒုက္ခပေးပြီး အမှတ်လျော့အောင်လုပ်နိုင်ကြပါတယ်။ ဒါကြောင့် ယှဉ်ပြိုင်ရတာက အလွန်ခက်ခဲပါတယ်။ အခြားတိုင်းပြည်က လိဂ်ပြိုင်ပွဲတွေထက် ပိုပြီးခက်ခဲပါတယ်" ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

နည်းပြခဲ့သည့်အသင်းတိုင်းတွင် ဒုတိယရာသီရောက်တိုင်း အမှတ်ပေးဖလားကိုရယူနိုင်ခဲ့သည့် မော်ရင်ဟိုက မန်ယူနှင့်ဒုတိယရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု သေချာပေါက်မပြောနိုင်ကြောင်း ဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly