သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးဘမြင့် နှင့် သွားနှင့်ခံတွင်း ပြဿနာများကိုဆွေးနွေးခြင်း အပိုင်း(၃)

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးဘမြင့် နှင့် သွားနှင့်ခံတွင်း ပြဿနာများကိုဆွေးနွေးခြင်း အပိုင်း(၃)

မဇ္ဈိမပရိသတ်များ၏ ကျန်းမာရေးပြဿနာများဖြေကြားပေးခြင်း။

 

မဇ္ဈိမ- ဆရာကြီးခင်ဗျာကိုဖြိုးဝေစိုးဆိုတဲ့ သူတစ်ယောက်ကမေးလာတာကတော့ အံသွားတခြမ်းပဲ့ပြီးနားပါကိုက်နေတာ ဆရာတဲ့၊ နှုတ်သင့်လား ဘယ်လိုလုပ်သင့်လဲလို့   မေးထားပါတယ်။

Prof: UBM - အံသွားကတစ်ခြမ်းကိုက်ပြီး နားပါကိုက်နေတယ်ဆိုတော့ တကယ်လို့ များတတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တွေ့လို့ ရှိရင်၊အဲဒီတစ်ခြမ်းလေးကိုပဲထိန်းထားပြီးတော့ အထဲထဲက အကြောထုတ်ပြီးတော့ အဲဒါကျတော့ တစ်ဆင့်ပိုသွားမယ်။ သူကတစ်ခြမ်းကို မရှိတော့ဘူး။ ကျွန်တော်တို့ ဖို့တဲ့ဟာက ပြိုသွားနိုင်တယ်။ ကျွန်တော်တို့ အကြောထုတ်လိုက်တဲ့ အမြစ်ထဲကိုပင်ထည့်တယ်။ တိုက်ဆောက်လိုက်သလိုပေါ့ဗျာ။ သံချောင်းတွေထဲဘိလပ်မြေလောင်းထည့်လိုက်တော့ ခိုင်သွားရောပေါ့။ သွားရဲ့ အမြစ်ထဲကိုတိုင်လည်း နှစ်တိုင် သို့မဟုတ် တစ်တိုင်ပေါ့။ သွားကိုဖောက်ပြီးတိုင်ထည့်လို့ မရဘူး။ အမြစ်ထဲကိုပဲထည့်လို့ ရတယ်။ အခုနက ကျွန်တော်တို့ implantလို့ ပြောခဲ့တဲ့ ဟာသည် အရိုးထဲကိုထည့်တာ။ သူကသွားမှ မရှိတာ။ မရှိတဲ့ နေရာအရိုးထဲကိုထည့်တာ။ အခုနကဟာထက်စာရင် အရမ်းလွယ်တာပေါ့။ တိုင်ထည့်ပြီးတော့မှ ဒီဟာကိုဖို့လိုက်မယ်။ ဖို့ပြီးမှ စွပ်လိုက်မယ်ဆိုရနိုင်တာပေါ့။ နားကိုက်တာတော့ သွားကိုလာတဲ့ အာရုံကြောသည် နားထင်ကိုဆက်နေတဲ့ အခါကျတော့ အလယ်ခေါင်မှာတစ်ချောင်း၊ အပေါ်ကိုတစ်ချောင်း၊ အောက်ကိုတစ်ချောင်းပင်မကအာရုံကြောတစ်ခုတည်းပဲ။ ဦးနှောက်ထဲကလာတဲ့ အာရုံကြောမကြီးကတစ်ခုတည်းပဲ။ ပါးစပ်အပြင်ဖက်ရောက်မှ သူကသုံးချောင်းခွဲသွားတာ။ တစ်ခုကနဖူးဘက်ကိုသွားတယ်။ တစ်ခုကအောက် မေးရိုးကိုသွားတယ်။ နောက်တစ်ခုကအောက်မေးရိုးကိုသွားတယ်။ အဲတော့ ကိုက်ရင်လည်းနားထင်ထိုးနာနိုင်တာပဲ။ တစ်ခုပဲရှိတယ်။ ဘယ်ဘက်ကသွားဖြစ်တာတော့ ညာဖက်မှာတော့ နာစရာအကြောင်းမရှိဘူး။ အဲလိုနာတဲ့အကြောင်းကိုတစ်ခြားအကြောင်းရှာရမယ်။

မဇ္ဈိမ- နောက်တစ်ယောက် မေးလာတာကတော့ သမီးကအံသွားပိုစားလို့ အံသွားအလယ်မှာအပေါက်ကြီးပေါက်တယ်။ဒါပေမယ့် သွားကျဉ်တာသွားနာတာတို့ မဖြစ်ဘူးအဲဒါနှုတ်လို့ ရမလားတဲ့။

Prof: UBM - ကလေးသွားဆိုရင်တော့ နှုတ်ပစ်မှာပေါ့။ လူကြီးသွားဆိုရင်တော့ ဓာတ်မှန်တစ်ချက် ရိုက်ပြီးမှ တကယ်လို့ ပေါက်သွားတဲ့ဟာသည် အောက်ဆုံးထိပေါက်ပြီးတော့ နှစ်ခြမ်းကွဲလောက်တဲ့ ဟာမျိုးဆိုရင်တော့ ကျွန်တော်တို့ အဲဒါမျိုးကြတော့ မတတ်နိုင်တော့ဘူးပေါ့။ အဲဒါကျတော့ နှုတ်ပစ်ရမှာပေါ့နော်။

မဇ္ဈိမ- အံသွားနဲ့ ပတ်သက်ပြီးတော့ တော်တော်မေးထားကြတယ်။ စိုးထိုက်အောင် ဆိုလို့ ရှိရင် အံသွားနှစ်ချောင်းကြားထဲမှာပေါက်ဖြစ်နေတာ ကြာပါပြီ။ အန္တရာယ်ဖြစ်နိုင်လားဆရာ့ကိုမေးပေးပါခင်ဗျာ။

Prof: UBM - ဒီသွားနှစ်ချောင်းကြားထဲမှာအပေါက်ဖြစ်တာအရမ်းaccidentအနေနဲ့ အရမ်းများပါတယ်။ ဟိုဘက်လည်းပိုစားဒီဘက်လည်းပိုစားပေါ့။ အန္တရာယ်တော့ မရှိပါဘူး။ မနာသေးဘူးဆိုရင်တော့ လွယ်လွယ်လေးပဲ ပြီးသွားမှာပဲ။ အပေါက်ကိုဖောက်ပြီးပိုးစားတာလေးကိုချက်ထုတ်ပြီးဖာလိုက်ရင် ပြီးသွားမှာပေါ့။

မဇ္ဈိမ- ခင်ဆွေမော်ဆိုတဲ့ တစ်ယောက်ကမေးလာတာကတော့  အံသွားနှစ်ချောင်းလုံးမကောင်းလို့ နှုတ်ထားတာပါ။ အံဆုံးကသွားပြန်စိုက်လို့ ရပါသလား။

Prof: UBM - အံဆုံးဆိုတာက ကျွန်တော်တို့ ၃၂ ချောင်းပေါ့လေ။ တစ်စိပ် စိပ်လိုက်လို့ ရှိရင် ၈ ချောင်းရှိမယ်။ အဲ့ဒီမှာနံပါတ် 8 ဆိုတဲ့ သွားတွေကအသုံးမဝင်ဘူးခင်ဗျ။ အဲဒီအံဆုံးဆိုရင် ကျွန်တော်တို့က ပြန်စိုက်ဖို့ မတိုက်တွန်းတော့ဘူး။ အဲဒီနံပါတ် 8 သွားကမပေါက်ဘဲနဲ့ဒါမှ မဟုတ် အံဆုံးထိအကြောင်းတစ်ခုကြောင့် နှုတ်ပစ်ပြီးမှ ကျန်တဲ့ အံဆုံးဆိုရင်တော့ ပြန်စိုက်ဖို့ လိုမယ်။ ဆိုလိုတာကသွားတစ်ချောင်းမှ မရှိတဲ့ အဖိုးကြီးအဖွားကြီးတွေပေါ့နော်။ အံကပ်အပြည့် လုပ်တဲ့ အခါကျရင် သွားက ၃၂ ချောင်းမစိုက်ပေးဘူးပေါ့ဗျာ။ ၂၈ ချောင်းပဲစိုက်တယ်။ အံဆုံး ၄ချောင်းကို ဖယ်လိုက်တယ်။ အံဆုံး ၄ချောင်းသည် ပါးစပ်ထဲမှာရှိနေရင်လည်းအသုံးမဝင်တဲ့ သွားမို့လို့ ဒါကြောင့် အံဆုံးမှာ ပြဿနာဖြစ်ရင် ကျွန်တော်က နှုတ်တာကိုဦးစားပေးတယ်။ အံဆုံးရဲ့ အသုံးဝင်မှုကတစ်ခုပဲရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် အံဆုံးရှေ့က သွားကို နှုတ်ထားခဲ့သည် ရှိသော် သူ့ရှေ့ သွားနဲ့ သွားတွယ်ပြီးစိုက်ချင်တော့ အဲဒီတွယ်ဖို့အတွက်ကအံဆုံးကသုံးရတယ်။ မဟုတ်ရင် အံဆုံးကဝါးတဲ့နေရာမှာအသုံးမဝင်ဘူး။

မဇ္ဈိမ- နောက်တစ်ခုကအခုနကဆရာကြီးပြောသွားတဲ့ အထဲမှာလည်းပါပါတယ်။ အာရုံကြောနဲ့ ပတ်သက်ပြီးတော့ သူမေးထားတဲ့ မေးခွန်းကတော့ သွားကိုက်ခြင်းနဲ့ မျက်စိအာရုံဝေဝါးတာနဲ့ သက်ဆိုင်ပါသလား။

Prof: UBM - မျက်စိအာရုံဝေဝါးတာနဲ့တော့ သွယ်ဝိုက်သောနည်းနဲ့ သက်ဆိုင်တယ်ပေါ့။ ဒါပေမယ့် တိုက်ရိုက်အားဖြင့်တော့ သက်ဆိုင်မှု မရှိပါဘူး။ ဟိုအရင်ကတည်းကပြောခဲ့တယ်။ အပေါ်သွားကိုရမ်းသမ်းမနှုတ်နဲ့ မျက်လုံးကန်းသွားလိမ့်မယ် မျက်လုံးပျက်သွားလိမ့်မယ်လို့ အဲလိုတိုက်ရိုက်တော့ မရှိဘူး။ ဘာလို့ဆိုတော့ မျက်စိကိုသွားတဲ့ အာရုံကြောကတစ်ခုသွားကိုလာတဲ့ အာရုံကြောကတစ်ခု။ သို့သော်လည်းသွားနှုတ်လိုက်လို့ သွေးကတစ်ဆင့် ပြန့်ပြန့် သွားတာမျိုးတွေတော့ အဲဒီမျက်လုံးဘက်ကိုရောက်သွားပြီးတော့မှ မျက်လုံးကိုတစ်ခုထိခိုက်တာမျိုးတော့ ရှိနိုင်တယ်။ သို့သော်လည်းတိုက်ရိုက်တော့ လုံးဝမသက်ဆိုင်ဘူး။

မဇ္ဈိမ- ဆရာကြီးခင်ဗျာ။ ကျွန်တော်တို့  မြန်မာနိုင်ငံမှာပုံမှန်ကဘယ်အသက်အရွယ်အခြာမှာပေါ့နော်။ ဥပမာဆိုကြပါစို့ ၅၀၊ ၆၀ ပေါ့နော်။ ဘယ်အသက်အရွယ်လောက်မှာသွားစကျိုးတတ်သလဲ။

Prof: UBM - ကျွန်တော်တို့ဆီမှာတော့ သွားကျန်းမာရေးကို ကျွန်တော်တို့ရဲ့ အားနည်းချက်လားမသိသွားကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကိုတကယ့်ကိုဥပမာပေါ့။ တစ်နှစ်တစ်ခါ ကျောက်ချက်တယ်။ ဒါလုပ်ကိုလုပ်ရမယ်။ အဲတာမျိုးကိုအားမပေးလို့လားမသိသူကအသက် သုံးဆယ်မှာသွားတွေ တော်တော်များများမရှိတော့ဘူး။ ဆီးချိုရှိတယ်။ ဂရုစိုက်ရမှန်းမသိဘူး။ အသက် လေးဆယ်လောက်မှာသွားတစ်ချောင်းမှာမရှိတော့ဘူး ဖြစ်နေတယ်။ WHO ရဲ့ အတန်းမှာတော့ ၂၀၊ ၈၀ ဘာလဲဆိုတော့ အသက် ၈၀ ပြည့်တဲ့အခါမှာသွားအချောင်း ၂၀ ကျန်ရမယ်။ ကျွန်တော်ကအဲဒီတော့ မမီသေးဘူးပေါ့နော်။ ဘယ်အသက်အရွယ်ကစကျိုးတယ်ဆိုတာဂရုမစိုက်ရင်တော့ အသက် ၂၀ မှာတစ်ချို့သွားတွေ ဆုံးရှုံးပြီးသား ဖြစ်နေပြီပေါ့။

မဇ္ဈိမ- ဆရာကြီးပြောသွားတဲ့ အထဲမှာခံတွင်းသန့်ရှင်းရေး၊ သွားတွေ ခိုင်မာဖို့ ပြောတဲ့ အခါမှာအနည်းဆုံးတစ်နေ့ကို နှစ်ကြိမ်လောက် သွားတိုက်ဖို့ လိုတယ်။

Prof: UBM - အဲဒါကဒီလိုစစ်ဆေးတာတော့ နှစ်ကြိမ်လောက် စစ်ဆေးတာမမှားဘူး။ သန့်ရှင်းရေးကတော့ အဲလောက်ကြီးလည်းလိုတဲ့သူတွေ ရှိသလိုတစ်ချို့လူတွေကမလိုပါဘူး။ တစ်နှစ်တစ်ကြိမ်လောက်ဆိုလုံးဝလုံလောက်ပါတယ်။

မဇ္ဈိမ- နောက်တစ်ခုကသွားနှစ်ကြိမ်တိုက်တယ်ဆိုရင် သွားကျိုးတာကကာကွယ်နိုင်တယ်လို့ ယူဆလို့ ရပါတယ်နော်။ သွားတိုက်ခြင်းနဲ့ သွားကျိုးတာကိုကာကွယ်တဲ့ နည်းတစ်နည်းရှိတယ်။ နောက် ထပ် ဘာများကာကွယ်လို့ ရနိုင်သေးလဲ။ နောက်ထပ်ရောသွားတွေ ခိုင်ခန့်အောင် ဘာနည်းတွေ ရှိလဲ။

Prof: UBM - သွားတကယ်ခိုင်ခန့်တာကသွားသည် အရိုးထဲမှာဝင်တယ်။ သို့သော် အရိုးနဲ့ သွားနဲ့ကပူးပြီးကပ်နေတာမဟုတ်ဘူး။ အရိုးနဲ့ သွားကြားမှာအမှေးပါးလေးတွေ ရှိတယ်။ အဲတော့ သွားဖုံးမကောင်းဘူးအမှေးပါးမကောင်းဘူးဆိုရင် ဖြစ်တတ်တယ်။ ဒီလိုဆိုရင် သွားတိုက်ရင် သွားဖုံးမကောင်းစရာအကြောင်းရှိလားလို့ မေးရင် မရှိပါဘူးသွားဖုံးကကောင်းကိုကောင်းရပါတယ်။ သို့သော်လည်းတစ်ခါတလေကျရင် လူရဲ့ ကိုယ့်ခံအားနည်းနေလို့ ရှိရင်တော့ ဥပမာ ကျွန်တော် ဂျပန်မှာနေခဲ့တယ်။ အကြာကြီးဆိုပေမယ့် ပညာသင်ရင်းနေခဲ့တာပါ။ လေးနှစ်ခွဲလောက် ပေါ့။ ဂျပန်တွေဟာသွားကျန်းမာရေးကိုလုံးဝနားလည်တယ်။ သူတို့ သွားတွေကသန့်နေတာပဲ။ သန့်ရှင်းရေးလုပ်စရာတောင် မလိုသလိုပဲ။ ဒါပေမယ့် သူတို့သွားတွေ နဲ့တယ်။ ဘာလို့ နဲ့လည်းဆိုအဲမေးခွန်းမေးစရာရှိတယ်။ အဲဒါကျတော့ ဆေးတွေ ဘာတွေ သောက်ပြီးတော့ ထိန်းထားလို့ ရတာအများကြီးရှိပေမယ့် လုံးဝကာကွယ်လို့ မရဘူး။

မဇ္ဈိမ- အဲတော့ ဆရာကြီးပြောသွားတဲ့ အထဲမှာပဲတစ်ယောက်ကမေးလာပါတယ်။ နဲ့နေတဲ့ သွားတွေ ပြန်ခိုင်ချင်ပါတယ်။ မနာမကိုက်ဖြစ်နေပါတယ် အကြံပြုပေးဆရာတဲ့။

Prof: UBM - သွားနဲ့တာကို ကျွန်တော်တို့ကအဆင့်ခွဲထားတာရှိတယ်။ ၁၊ ၂၊ ၃ ပေါ့နော်။ ၃ ဆိုရင်တော့ ခက်တယ်ဗျ။ ကျန်တာတွေကတော့ ရနိုင်တယ်။ ဆိုလိုတာက ကျွန်တော်တို့ ပထမဆုံးကတော့ သွားသန့်ရှင်းရေးလုပ်မယ်။ ဒါကလူတိုင်းလုပ်ရမယ့် အလုပ် အခုကသွားကနဲ့နေပြီသွားသန့်ရှင်းရေးလုပ်တာနဲ့ ဆေးလေးသောက်တာနဲ့ သူ့သွားတွေက ပြန်ခိုင်ချင်မှ ခိုင်မှာဒါဆို ကျွန်တော်ကအောက်ထဲကို နှိက်ပြီးတော့ အဲဒါကျတော့ ထုံဆေးထိုးဖို့ လိုလာပြီ။ အောက်ထဲကို နှိက်ပြီးတော့ ကျောက်တွေ ဘာတွေ ချက်ပစ်တာပေါ့။ အမြစ်ကိုချောသွားအောင် လုပ်တာ။ အဲတာမှ အမြှေးပါးတွေ ပြန်ဖြစ်လာမယ်။ သွားကတစ်ဖြေးဖြေး ပြန်ခိုင်လာမယ်ပေါ့။ ဒီထက်ပိုဆိုးတဲ့ ဟာတွေဆိုရင် ဘာဖြစ်လဲဆိုတော့ သူကသွားဖုံးလှန်ချလိုက်တယ်။ အမြစ်ပေါ်မယ်။ မေးရိုးပေါ်မယ်။ အဲဒါတွေ အကုန်ချက်ပစ်လိုက်တယ်။ ချက်ပြီးတော့ အရိုးအစားထည့်တာတွေ ရှိတယ်။ အဲတာတော့ ကျွန်တော်တို့ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်မှာတစ်ချို့ စမ်းသပ်မှု လုပ်နေပြီးအောင်မြင်မှု အနည်းငယ်တော့ ရလာပါပြီ။ နိုင်ငံခြားမှာဆိုရတယ်။  အထဲထဲကိုအရိုးအစားတွေ ထိုးတာပေါ့။ ပြီးရင် သွားဖုံးကို ပြန်လှန်ပြီး ချုပ်ပစ်လိုက်တယ်။ သူ့အချိန်အတိုင်းတာတစ်ခုထဲမှာသွားက ပြန်ခိုင်လာတယ်။

အပိုင်း( ၁)ကို ကြည့်ရှုရန် - http://www.mizzimaburmese.com/article/32002

အပိုင်း ( ၂)ကို ကြည့်ရှုရန်- http://mizzimaburmese.com/article/32039

အပိုင်း ၄ ဆက်လက်ဖော်ပြပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required