မြန်မာ့ ပြည်တွင်းရေး ဝင်မစွက်ဖို့ နိုင်ငံတကာကို ရုရှ ပြော

မြန်မာ့ ပြည်တွင်းရေး ဝင်မစွက်ဖို့ နိုင်ငံတကာကို ရုရှ ပြော

စက်တင်ဘာ ၁၆ ။        ။ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေအပေါ် စစ်တပ်က ညှင်းပန်းနှိပ်စက်ပါတယ်ဆိုပြီး နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးပြစ်တင်သံတွေ ညံနေချိန်မှာပဲ  ရုရှအစိုးရကတော့ ဒါက မြန်မာရဲ့ ပြည်တွင်းရေးကိစ္စသာ ဖြစ်လို့ တစ်ခြားနိုင်ငံတွေအနေနဲ့ ကြားဝင် မစွက်ဖက်သင့်ဘူးဆိုပြီး စက်တင်ဘာ ၁၅ ရက်က ထုတ်ပြန်တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

" မြန်မာနိုင်ငံမှာ အကျပ်အတည်းကိစ္စတွေကို ဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေကို မော်စကိုအနေနဲ့ ထောက်ခံပါတယ်၊ တစ်ခြားနိုင်ငံတွေကိုလည်း နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်စွက်တာမျိုး မလုပ်ဘဲ ရှောင်ကြဉ်ကြဖို့ တောင်းဆိုလိုပါတယ်" ဆိုပြီး ရုရှ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Maria Zakharova က ပြောကြားလာတာဖြစ်ပါတယ်။

" ဒီနေရာမှာ အချုပ်အချာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေကို ဝင်စွက်ဖို့ လုပ်တာက အခြေအနေကို ပိုဆိုးသွားစေရုံပဲ ရှိတယ်ဆိုတာကို နားလည်ထားဖို့ လိုပါတယ်၊ မတူညီတဲ့ ဘာသာဝင်တွေအကြား ပဋိပက္ခတစ်ရပ်ကို ပိုဆိုးသွားစေနိုင်ပါတယ်၊ မြန်မာနိုင်ငံမှာ မတူညီကြတဲ့ ကိုးကွယ်မှု ဘာသာဝင်တွေအကြား ဆွေးနွေးဖို့ ကြိုးစားမှုတွေကိုလည်း ကျွန်မတို့ ကြိုဆိုပါတယ်" ဆိုပြီး Zakharova က ရုရှသတင်းအေဂျင်စီ Sputnik ကို ပြောသွားပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ မြန်မာအာဏာပိုင်တွေအနေနဲ့လည်း နေရပ်စွန့်ခွာထွက်ပြေးသွားသူတွေကို ၎င်းတို့မူလနေအိမ်တွေဆီ ပြန်ရောက်ရေးအတွက် လုပ်ဆောင်ပေးနေလျက်ရှိကြောင်း သူမက မှတ်ချက်ပြုပြောဆိုသွားပါတယ်။

" မြန်မာရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖို့ ကြိုးပမ်းချက်တွေဟာ နောက်ဆက်တွဲအကျိုးတစ်ခုတည်းပဲ ရသွားနိုင်ပါတယ်၊ ဒါကတော့ မတူတဲ့ဘာသာဝင်တွေအကြား သဘောထားပိုင်း ပိုပြီးတော့တောင် ညီညွတ်မှုပျက်သွားစေနိုင်တာဖြစ်ပါတယ်" ဆိုပြီး ၎င်းက ပြောသွားပါတယ်။

ဒါ့အပြင် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဖော်ဆောင်ဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မော်စကိုအစိုးရအနေနဲ့ ကြိုဆိုပါကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထပ်လောင်းပြောသွားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly