တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား

တားဆေးဖြတ်ပြီးရင် ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာ တကယ်လား

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ပဋိသန္ဓေတားဆေးတွေနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတဲ့ အရပ်စကားတွေက အများကြီးပါ။ဒီအထဲကမှ အန်တီကြီးတွေ ပြောလေ့အရှိဆုံးစကားကတော့ တားဆေးတွေကို ကာလတခုကြာအောင်သောက်ပြီး ဖြတ်လိုက်တဲ့အခါ နောင်တချိန်မှာ ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာပါပဲ။

ဒါဟာ အင်မတန် ဒွိဟပွါးစရာ စကားပါ။ဒီအဆို မှန်မမှန် သိရအောင် ဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။

ပဋိသန္ဓေတားဆေးတွေက ဘယ်လိုအလုပ်လုပ်သလဲ။

ဒီဆေးတွေဟာ ဟော်မုန်းဆေးတွေဖြစ်ပြီး ကိုယ်ဝန်ရှိလာခြင်းမှ ကာကွယ်ဖို့အတွက် နေ့စဉ်ပုံမှန် သောက်ပေးရကာ မှန်ကန်စွာ သုံးစွဲမယ်ဆိုရင် ၉၉.၉% အထိ အာနိသင်ထိရောက်ပါတယ်။

သားဥအိမ်ကနေ ကြွေကျလာတဲ့ မမျိုးဥလေးဟာ အဖိုရဲ့သုတ်ကောင်တကောင်နဲ့ပေါင်းပြီး သန္ဓေသားဖြစ်လာမယ့် ဆဲလ်လုံးလေး အဖြစ် သားအိမ်မှာသွားရောက်ကပ်တွယ်ကာ ကလေးလေးအဖြစ် တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုးလာပါတယ်။

သားဥအိမ်ကနေ မမျိုးဥကြွေကျတာကို သားဥကြွေခြင်းလို့ ခေါ်ပြီး ဒီဖြစ်စဉ်ကို အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေက ထိန်းချုပ်ပေးပါတယ်။တားဆေးတွေထဲမှာ estrogen နဲ့ progestin ဟော်မုန်းအနည်းငယ်စီပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ သဘာဝဟော်မုန်းသံသာရာဖြစ်စဉ်ကို ဆန့်ကျင်ပေးခြင်းအားဖြင့် ကိုယ်ဝန်ရှိမလာအောင် ကာကွယ်ပေးပါတယ်။

ဟော်မုန်းပါဝင်တဲ့ ပဋိသန္ဓေတားဆေးတွေကို သုံးစွဲခြင်းအားဖြင့် သားဥကြွေတာကို ကာကွယ်ပေးတဲ့အပြင် သားအိမ်ခေါင်းအတွင်းမှာရှိတဲ့ အကျိအချွဲတွေရဲ့ ပုံစံသဘာဝကိုလည်း ပြောင်းလဲစေတာမို့ သုတ်ကောင်တွေအနေနဲ့ သားအိမ်ခေါင်းကို ဖြတ်သန်းဝင်ရောက်ပြီး မမျိုးဥတွေနဲ့ ထိတွေ့မျိုးအောင်ဖို့ အခွင့်အလမ်းကို နည်းသွားစေပါတယ်။ဒါတင်မကသေးပါဖူး၊အဆိုပါတားဆေးတွေဟာ သားအိမ်ရဲ့ အတွင်းသားအကာအရံတွေကိုလည်း ပြောင်းလဲပစ်လိုက်တာမို့ မျိုးအောင်ပြီးသားဥဟာလည်း လာပြီးမကပ်တွယ်နိုင်တော့ပါဘူး။

တားဆေးတွေ သုံးစွဲမယ်ဆိုရင် နောင်တချိန်မှာ ကလေးရဖို့ ခက်ခဲနိုင်သလား။

လုံးဝမခက်ခဲပါဖူး။ပဋိသန္ဓေတားဆေးတွေဟာ မျိုးအောင်နိုင်စွမ်းကို မထိခိုက်စေဖူးဆိုတာကို သုတေသန၊လေ့လာမှုအများအပြားက သက်သေပြပြီး ဖြစ်ပါတယ်။အဆိုပါ တားဆေးတွေမှာ ပါဝင်တဲ့ ဟော်မုန်းတွေကို ခန္ဓာကိုယ်ကို လျင်မြန်စွာ ရှင်းလင်းပစ်နိုင်ပါတယ်။

ဒါကြောင့် ဒီဆေးတွေကို တနေ့တခါပုံမှန်သောက်ပေးရတာ ဖြစ်ပါတယ်။ဟော်မုန်းတွေ သင့်ခန္ဓာကိုယ်ထဲက လုံးဝပျောက်ကွယ်သွားပြီဆိုရင် နှစ်ရက်လောက်အတွင်းမှာပဲ မမျိုးဥကြီးထွားဖွံ့ဖြိုးတဲ့ ပုံမှန်ဖြစ်စဉ် ပြန်လည်ဖြစ်ပေါ်လာမှာ ဖြစ်ပြီး နှစ်ပတ်ကနေ ခြောက်ပတ်လောက်အတွင်းမှာပဲ သားဥကြွေခြင်း ဖြစ်ပေါ်လာမှာပါ။

ဒါပေမယ့် သင့်အနေနဲ့ တားဆေးသုံးစွဲခဲ့တဲ့ ကာလကြာမြင့်ခဲ့တယ်ဆိုရင် (ဆိုပါစို့ တစ်နှစ်ကျော်လောက်ပေါ့) သင့်ခန္ဓာကိုယ်အနေနဲ့ ပုံမှန်ဇီဝကမ္မဖြစ်စဉ်တွေ ပြန်လည်ဖြစ်ပေါ်ဖို့အတွက် သုံးလလောက် အချိန်ပေးရမှာ ဖြစ်ပါတယ်။

တားဆေးကို နှစ်ပေါင်းများစွာ သုံးစွဲခဲ့တဲ့ အမျိုးသမီးတယောက်အနေနဲ့ ကလေးယူချင်တဲ့အတွက် ဆေးသောက်ရပ်လိုက်မယ်ဆိုရင်တော့ သူမရဲ့ မျိုးအောင်နိုင်စွမ်း (ကလေးရနိုင်စွမ်း)ဟာ ပုံမှန်ထက် နည်းကောင်းနည်းသွားမှာ ဖြစ်ပါတယ်။ဒါပေမယ့် ဒီလိုဖြစ်ရတာဟာ သူမအသက်ကြီးလာတာကြောင့်ဖြစ်ပြီး တားဆေးတွေကြောင့် မဟုတ်ပါဖူး။

ပဋိသန္ဓေတား သောက်ဆေးတွေဟာ စိတ်အချရဆုံးနဲ့ ထိရောက်မှုအရှိဆုံး သားဆက်ခြားနည်းလမ်းအဖြစ် ယူဆထားကြပါတယ်။တားဆေးတွေကြောင့် နောင်တချိန်မှာ ကလေးမရတော့တာ(မြုံတာ)ကို ဖြစ်စေနိုင်တယ်လို့ ပြောတာတွေဟာ လွဲမှားတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။

ဆေးသုံးစွဲတာရပ်လိုက်ပြီး ချက်ချင်းဆိုသလို ကလေးရနိုင်မှာဖြစ်ပြီး သားဥကြွေခြင်းဖြစ်စဉ်ပုံမှန်ပြန်ဖြစ်ဖို့တော့ အချိန်အနည်းငယ် ယူရမှာ ဖြစ်ပါတယ်။ပြီးတော့ ဒီနည်းလမ်းဟာ လုံးဝ(လုံးဝ) စိတ်ချရပါတယ်။သင့်အနေနဲ့ ကျန်းမာသန်စွမ်းချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို ရရှိနိုင်ဦးမှာပဲ ဖြစ်ပါကြောင်း။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly