မည်သူမျှမက်ဆီနှင့် တန်းမတူနိုင်ဟု အမ်ဘက်ပေးကို ဂွာဒီယိုလာသတိပေး

မည်သူမျှမက်ဆီနှင့် တန်းမတူနိုင်ဟု အမ်ဘက်ပေးကို ဂွာဒီယိုလာသတိပေး

စက်တင်ဘာ ၁၆၊ မန်ချက်စတာ။           ။ အမ်ဘက်ပေးအနေဖြင့် မက်ဆီ၏ အဆင့်မျိုးရောက်လာနိုင်မည်လားဆိုသည်ကို ခန့်မှန်းရန် ဂွာဒီယိုလာက ငြင်းဆန်ခဲ့သော်လည်း ဘာစီလိုနာကြယ်ပွင့်နှင့် မည်သူမှ တစ်တန်းထဲဖြစ်နိုင်မည် မဟုတ်ဟု ပြောဆိုလိုက်သည်။

ဂွာဒီယိုလာ၏ မန်စီးတီးအသင်းသည် ယမန်နှစ်က မိုနာကိုတွင် အမ်ဘက်ပေးခြေစွမ်းပြသည့် ဒဏ်ကိုခံခဲ့ရသည့် အသင်းများထဲ၌ တစ်သင်းအဖြစ်ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်တွင် နှစ်ကျော့ပေါင်း ၆-၆ ဂိုးဖြင့်သရေကျကာ အဝေးဂိုးဖြင့် မန်စီးတီးကို မိုနာကိုအနိုင်ရခဲ့ရာ၌ အမ်ဘက်ပေးက နှစ်ကျော့စလုံးဂိုးသွင်းနိုင်ခဲ့သည်။

အမ်ဘက်ပေးသည် ယမန်နှစ်က ပီအက်စ်ဂျီကိုကျော်ဖြတ်ပြီး ပြင်သစ်လိဂ် ၁ ဖလားရခဲ့ကာ ချန်ပီယံလိဂ်ဆီမီးလည်းရောက်ခဲ့ သည့် မိုနာကိုအသင်းအတွက် ၄၄ ပွဲကစား၊ ၂၆ ဂိုးသွင်းနိုင်ခဲ့သည်။

လက်ရှိရာသီတွင် ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပြီး မက်ဆီ၏အသင်းဖော်ဟောင်း နေမာနှင့်တွဲဖက်ကာ ခြေစွမ်းပြဂိုးသွင်းနေသော် လည်း ငယ်ရွယ်သည့်အရွယ်အချက်အလက်အခြေအနေများက အနာဂါတ်အောင်မြင်မှုအတွက် အာမခံချက်မဟုတ်ဟု ဂွာဒီယိုလာကဆိုသည်။

“ဘယ်သူမှ မက်ဆီနဲ့ တစ်တန်းထဲဖြစ်နိုင်မှာမဟုတ်ပါဘူး။ အမ်ဘက်ပေးက ထိပ်တန်းကစားသမားဖြစ်ပြီး ထူးချွန်တဲ့ကစားသမား ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်ပြောနိုင်ပါတယ်။

ဒါပေမဲ့ ၁၀ နှစ် ၁၂ နှစ်အတွင်းမှာမက်ဆီလုပ်ခဲ့တာတွေ၊ ဒါမှမဟုတ် စီရော်နယ်ဒိုလုပ်ခဲ့တာတွေနဲ့တူညီဖို့ဆိုတာကတော့ ကျွန်တော်တို့စောင့်ကြည့်ဖို့လိုပါတယ်။

အမ်ဘက်ပေးကို ကျွန်တော်တန်ဖိုးထားပါတယ်။ ကျွန်တော့်လိုဖိအားတွေပုခုံးပေါ်အလွန်အကျွံထမ်းရတာမျိုးလည်း မဖြစ်စေချင်ပါဘူး။

မက်ဆီဟာနှစ်တိုင်း ပွဲကြီးတွေ ၆၀၊ ၇၀ လောက်ကစားရတယ်။ အမြဲလိုလို ဂိုးသွင်းတယ်၊ ဂိုးဖန်တီးပေးတယ်။ ဒဏ်ရာမရဘူး။ အမြဲလိုလို သုံးရက် တစ်ပွဲ ကစားရတယ်။ သူ့ခန္ဓာကိုယ်ကိုထိန်းနိုင်လို့ ဘယ်တုန်းကမှ ဒဏ်ရာမရခဲ့ဘူး။

ဒါကြောင့်ပဲ သူ့အတွက်အကူလိုတယ်လို့ ကျွန်တော်မတွေးမိခဲ့တာဖြစ်ပြီး ‘မင်းဟာအမြဲတမ်း ကစားသမားသစ်ဖြစ်ဖြစ်သွားတယ်’ လို့ပြောမိခဲ့တယ်။

အမ်ဘက်ပီကိုလည်း ကျွန်တော်တို့ အံ့မခန်းကစားသမားဘဝကိုပိုင်ဆိုင်ခွင့်ပေးကြပြီး အနာဂါတ်မှာ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့”ဟု ဂွာဒီယိုလာကပြောသည်။

Ref; soccerway

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly