တောင်ကိုရီးယားသမ္မတက ထောင်ဒဏ်ကျခံနေရသည့် မဟာသူကြွယ်ကြီးကို လွတ်ငြိမ်းခွင့်ပေး သဖြင့်ဝေဖန်မှုများ ထွက်ပေါ်

တောင်ကိုရီးယားသမ္မတက ထောင်ဒဏ်ကျခံနေရသည့် မဟာသူကြွယ်ကြီးကို လွတ်ငြိမ်းခွင့်ပေး သဖြင့်ဝေဖန်မှုများ ထွက်ပေါ်
သမ္မတ၏ လွတ်ငြိမ်းခွင့်ရ၍ ထောင်မှ လွတ်မြောက်လာသည့် တောင်ကိုရီးယား မဟာသူကြွယ်ကြီး ချေတေးဝန်း။ ဓာတ်ပုံ- ရိုက်တာ

ဆိုးလ်၊ သြဂုတ် ၁၃ ။          ။ တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟီးက ဒေါ်လာသန်းပေါင်းများစွာ လိမ်လည်မှုဖြင့် ဒုတိယ သက်တမ်းထောင်ဒဏ်ကျခံနေရသည့် နိုင်ငံ့တတိယအကြီးမားဆုံး လုပ်ငန်းစု၏ အကြီးအကဲကို သြဂုတ်လ ၁၃ ရက်က အပြည့်အဝ လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ SK Group ၏ ဥက္ကဋ္ဌ ချေတေးဝန်မှာ ဂျပန့်ကိုလိုနီဘဝမှာ လွတ်မြောက်လာသည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ပက်ကကြေညာခဲ့သည့် လွတ်ငြိမ်းခွင့်ပေါင်း ၆,၅၀၀ ထဲတွင် ပါဝင်လာခဲ့သည်။

လွတ်ငြိမ်းခွင့်စာရင်းထဲတွင် ချေ ပါဝင်လာသည့်အတွက် စီအီးအိုများမှာ မကြာခဏ ဥပဒေ ပြင်ပကို ရောက်သွားလေ့ရှိသည့် ချေဘော (chaebols) များဟုခေါ်သည့် တောင်ကိုရီးယား၏ သြဇာကြီးမားသော မိသားစုပိုင် လုပ်ငန်းစုများကို ပြုပြင်ပြောင်းလဲမည်ဟူသော ကတိကဝတ်ဖြင့် အာဏာရလာခဲ့သည့် သမ္မတအပေါ် ဝေဖန်မှုများကို မီးထိုးပေးသကဲ့သို့ ဖြစ်ခဲ့သည်။ အစိုးရအဖွဲ့ အစည်းအဝေးတွင် မူတောင် ကိုရီးယားစီးပွားရေးကို သွေးသစ်လောင်းရန် လိုအပ်ချက်က တွန်းအား ပေးသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ပက်က ပြောသည်။

အမျိုးသားစီးပွားရေးကို ချေဘောများကသာ လွှမ်းမိုးထားခဲ့ရာ စီးပွားရေးကို လှုပ်ရှားထကြွ လာအောင် ထောင်ကျနေသည့် အမှုဆောင်ချုပ်များကို လွှွှတ်ပေးခြင်းမှာ နှစ်သမနိရှည် ကြာလာခဲ့ပြီ ဖြစ်သည့် သမ္မတလွတ်ငြိမ်းခွင့်၏ အစဉ်အလာဆင်ခြေတစ်ခုပင် ဖြစ်နေခဲ့သည်။

ပြစ်ဒဏ်ကျခံနေရသည့် စီးပွားရေးခေါင်းဆောင်များကို လွှတ်ပေးလိုက်သောကြောင့် နိုင်ငံ့ စီးပွားရေးတွင် တစ်ဖန် ပြန်ထည့်ဝင်ဖို့ အခွင့်အရေး ရလာစေသည်ဟု တရားရေးဝန်ကြီး ကင်ဟွန်ဝန်းက သတင်းထောက်များကို ပြောကြားသည်။

အဓိက အတိုက်အခံပါတီဖြစ်သည့် ဒီမိုကရေစီ နိုင်ငံရေးမဟာ မိတ်သစ်ပါတီကမူ ပက် သည်  ချေ ကို လွှတ်ပေးလိုက်ခြင်းဖြင့် ရွေးကောက်ပွဲ ကတိကဝတ်များကို ချိုးဖောက်ရာရောက်သည် ဟုပြောကြားပြီး ပက်၏ လွတ်ငြိမ်းခွင့်ပေးခြင်းက ပြည်သူလူထု၏ တရားမျှတမှုအပေါ်ထားသည့် သဘောထားကိုလည်း ရှုပ်ထွေးသွားစေသည်ဟု ထောက်ပြခဲ့သည်။

ချေ (၅၄ နှစ်)မှာ ၂၀၀၈ ခုနှစ်က SK အုပ်စုဝင် ကုမ္ပဏီနှစ်ခုထံမှ ကန်ဒေါ်လာ ၄၃ ဒသမ ၆ သန်းကို လိမ်လည်ပြီး ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုများထဲသို့ လွှဲပြောင်းယူုခဲ့မှုဖြင့် ထောင် ၄၈ လ ပြစ်ဒဏ် ချမှတ်ခံခဲ့ ရရာယခုလွတ်ငြိမ်းခွင့်ပေးသည့် အချိန်အထိ အကျဉ်းထောင်ထဲတွင် ၃၁ လ ကျခံခဲ့ရပြီး ဖြစ်သည်။ ၂၀၀၃ ခုနှစ်ကလည်းကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံစာရင်း လိမ်လည်မှုဖြင့်ချေမှာထောင် ၃နှစ်ပြစ်ဒဏ် ကျခံခဲ့ရဖူးသည်။

လွတ်ငြိမ်းခွင့်နှင့် ပတ်သက်ပြီး Korea Gallop က ယမန်လက ထင်မြင်ချက်မဲစစ်တမ်းကောက် ခံရာတွင် ၅၄ ရာနှုန်းသော ကိုရီးယားနိုင်ငံသားများက ချေဘောခေါင်းဆောင်များအား လွတ်ငြိမ်းခွင့်ပေးခြင်း ကိုဆန့်ကျင်ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly