မြန်မာသတင်းသမားနှစ်ဦးကိစ္စ နိုင်ငံခြားရေးမှ ဘင်္ဂလားဒေ့ရှ် အစိုးရထံ ဆက်သွယ်

မြန်မာသတင်းသမားနှစ်ဦးကိစ္စ နိုင်ငံခြားရေးမှ ဘင်္ဂလားဒေ့ရှ် အစိုးရထံ ဆက်သွယ်
photo - မင်းဇေယျာဦး ဖေ့ဘုတ်

ရန်ကုန် ၊ စက်တင်ဘာ ၁၆ ။       ။ သူလျှိုမှုဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာသတင်းသမားနှစ်ဦး ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဘင်္ဂလားဒေ့ရှ် အစိုးရထံ ဆက်သွယ်မေးမြန်းနေသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"နိုင်ငံခြားရေးက ဆက်မေးနေပါတယ်။ အဓိကက သူတို့ တိုးရစ်ဗီဇာနဲ့ ဝင်ပြီး သတင်းယူတယ်ပေါ့၊ အဲ့ဒါဆိုရင် ဗီဇာ စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုနဲ့ အရေးယူရမှာ မဟုတ်ဘူးလားပေါ့၊ နောက်တစ်ချက်က သူလျှိူမှုဆိုတော့ နည်းနည်းလေး ရှုပ်သွားပြီ။ သူတို့တွေက ဘာလုပ်လို့ သူလျှိုမှုနဲ့ ဆွဲရတာလဲ ဆိုတဲ့မေးခွန်းရှိလာပြီ။ အဲ့တော့ဖြစ်စဉ်ကိုဘာကြောင့်ဖြစ်တယ် ဆိုတာကို မေးမယ်" ဟု ဦးဇော်ဌေးက ဆိုသည်။

မွတ်စလင် အများစုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား တင်းမာမှု ဖြစ်စေခဲ့သည့် ဘင်္ဂါလီဒုက္ခသည်များ ပြဿနာကို ဂျာမနီနိုင်ငံ ဟမ်းဘတ်ချ် အခြေစိုက် Geo မဂ္ဂဇင်းအတွက် သတင်းရယူရန် မင်းဇေယျာဦးနှင့် ခွန်လတ်တို့နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းကို စက်တင်ဘာအစောပိုင်းတွင် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ မြန်မာသတင်းထောက် ၂ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက စက်တင်ဘာလ ၇ ရက်ကတည်းက ဖမ်းဆီးထားခဲ့ခြင်းဖြစ်ပြီး အာမခံလည်း မရရှိကြောင်း ဂျာမန်အခြေစိုက် GEO Magazine က ထုတ်ပြန်ထားသည်။  

ယင်းအပြင် ၎င်းတို့နှစ်ဦးသည် ဂျာနယ်လစ်ဗီဇာအစား တိုးရစ်ဗီဇာဖြင့် နိုင်ငံတွင်း ဝင်ရောက်လာခြင်းကြောင့် ရဲက စွဲဆို ထားခြင်းဖြစ်ကာ ၎င်းတို့အား ဗီဇာအတုပြုလုပ်မှုနှင့် သတင်းတုများ ပေးပို့မှုဖြင့် စစ်ဆေးခံနေရသည်ဟု ၎င်းတို့၏ ရှေ့နေက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

" အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံသားတွေကိုကာကွယ်ရမယ်ပေါ့။ ပထမဆုံးကတော့ သူတို့တွေကို စည်းမျဉ်းစည်းကမ်း နဲ့အညီ ထိုက်သင့်တဲ့အာမခံ ထိုက်သင့်တဲ့ ရှေ့နေရှေ့ရပ်တွေ တရားဥပဒေ ကာကွယ်မှုတွေ လုပ်ရမယ်။ ပြီးတော့မှ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ သံတမန်နည်းအရဆက်ပြီးလုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ့် သဘောရှိတယ်" ဟု မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဌာနမှ မည်သို့ ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရန်  နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျထံ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly