အဓိကရင်းမြစ်ကို မတိုက်နိုင်သေး၍ မူးယစ်ဆေးဝါးပေါနေခြင်းဟု RCSS ဥက္ကဋ္ဌပြော

အဓိကရင်းမြစ်ကို မတိုက်နိုင်သေး၍ မူးယစ်ဆေးဝါးပေါနေခြင်းဟု RCSS ဥက္ကဋ္ဌပြော

ရန်ကုန်၊ စက်တင်ဘာ ၁၅ ။             ။ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးများပေါများလာရသည်မှာ အဓိကအရင်းအမြစ်ကို မတိုက်ခိုက်နိုင်သေး၍ ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

" ကျွန်တော်တို့ရှမ်းပြည်ထဲမှာ မူးယစ်ဆေးဝါးတွေဘာကြောင့် ပိုမိုပေါများလာသလဲဆိုတာ မူးယစ်ဆေးဝါးကို တိုက်ဖျက်တဲ့နေရာမှာ သူ့ရဲ့အရင်းအမြစ်ကို မတိုက်ခိုက်နိုင်ဘူး။ ပြီးတော့ တိုက်ခိုက်တဲ့နည်းလမ်းကလည်း မမှန်ကန်သေးလို့ ဖြစ်ပါတယ် " ဟု  ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ် ကပြောသည်။

ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ယနေ့ (စက်တင်ဘာ ၁၅) ရက်၌ ပြုလုပ်ခဲ့သည့် RCSS/SSA ဥက္ကဋ္ဌ ဦးယွက်စစ်နှင့် မီဒီယာများတွေ့ဆုံပွဲတွင်   ပြောခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့စဉ်ကလည်း ရှမ်းပြည်နယ်ထဲရှိ မူးယစ်ဆေးဝါးပြသနာများကို ဆွေးနွေးဖြစ်ခဲ့ကြောင်းလည်း သူကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးယွက်စစ်တွေ့ဆုံစဉ်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်(NCA)အရ အစိုးရဘက်မှ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယုံကြည်မှု ၊ နားလည်မှုတည်ဆောက်ရေးနှင့် တိုင်းရင်းသားနယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) သည် သမ္မတဦးသိန်းစိန်လက်ထက်က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကိုလက်မှတ်ရေးထိုးထားသည့်အဖွဲ့လည်းဖြစ်သည်။

ထို့အပြင် တပ်မတော်နှင့် RCSS တို့တိုက်ပွဲအချို့ဖြစ်ပွားလေ့ရှိပြီး ထိုသို့ဖြစ်ပွားရသည်မှာ နားလည်မှုလွဲမှား မှုကြောင့်သာဖြစ်ကြောင်းလည်း ဦးယွက်စစ်က ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးယွက်စစ်တို့တွေ့ဆုံခဲ့သည့် စက်တင်ဘာ ၁၁ ရက် က တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်နှင့်လည်းတွေ့ဆုံပြီး မြေပြင်တိုက်ပွဲအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly