ပြည်ခိုင်ဖြိုးပါတီ ဖော်ဆောင်ခဲ့တဲ့ ဖူးပွင့်စဒီမိုကရေစီ ခြိမ်းခြောက်ခံနေရပြီလို့ဆို

ပြည်ခိုင်ဖြိုးပါတီ ဖော်ဆောင်ခဲ့တဲ့ ဖူးပွင့်စဒီမိုကရေစီ ခြိမ်းခြောက်ခံနေရပြီလို့ဆို
ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြီးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ အစိုးရသက်တမ်းအတွင်း မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သော်လည်း လက်ရှိတွင်မူ အကြမ်းဖက်ဝါဒ၏ တိုက်ရိုက်ခြိမ်းခြောက်မှုကို ခံနေရပြီဟု ရခိုင်ပြည်နယ်မြောက်ပိုင်းက အရေးကိစ္စများကို ရည်ညွှန်းကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က ပြောဆိုလိုက်သည်။

“ဖူးပွင့်စဒီမိုကရေစီဟာ ယခုအချိန်မှာ အကြမ်းဖက်ဝါဒရဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုကို ခံနေရပြီဆိုတာ ရခိုင်ပြည်နယ်မှာ ယနေ့အထိ ဖြစ်ပေါ်နေဆဲ အကြမ်းဖက်တိုက်ခိုက်မှုတွေက သက်သေပြနေပါတယ်” ဟု USDP ၏ ဗဟိုအတွင်းရေးမှူးဖြစ်သူ ဒေါက်တာကျော်ကျော်ဌေးက ပြောသည်။

နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ယနေ့ပြုလုပ်သော ယနေ့ကျရောက်သည့် ၂၀၁၇ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် ပါတီ၏ကိုယ်စား လာရောက်ပြီး စာတမ်းဖတ်ကြားသူ ဒေါက်တာကျော်ကျော်ဌေးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒီမိုကရေစီ မြတ်နိုးသူတိုင်းက အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရကြမည် ဖြစ်သည်ဟုလည်း ဒေါက်တာကျော်ကျော်ဌေးက ပြောသည်။

“ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အကြမ်းဖက်ဝါဒကို အစဉ်တစိုက် ဆန့်ကျင်ပါတယ်။ ထိုနည်းတူ အကြမ်းဖက်ဝါဒကို ကျင့်သုံးနေတဲ့ အဖွဲ့အစည်းတွေ၊ ကျောထောက်နောက်ခံပေးနေသူတွေဟာ ဒီမိုကရေစီကို စနစ်တကျ ဖျက်ဆီးနေသူတွေဖြစ်တယ်ဆိုတာ ဒီနေရာမှာ တိတိကျကျ တင်ပြလိုပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

သို့သော် NLD ဦးဆောင်သည့် လက်ရှိအစိုးရသက်တမ်းအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍မူ စာတမ်းအတွင်း တစ်စုံတစ်ရာ ထောက်ပြ၊ ဝေဖန်ထားခြင်း မရှိဘဲ ပြည်ခိုင်ဖြိုးပါတီ အစိုးရတာဝန်ယူခဲ့စဉ်က လုပ်ဆောင်ချက်များကိုသာ စာတမ်းတွင် ထည့်သွင်းထားသည်ကို တွေ့ရသည်။

ပြည်ခိုင်ဖြိုးပါတီ အစိုးရတာဝန်ယူစဉ် ကာလက ငြိမ်းချမ်းရေးအတွက် အထူးအလေးပေး ကြိုးစားခဲ့သလို ယခုအချိန်တွင်လည်း စိတ်အားထန်သန်စွာ ဝိုင်းဝန်းဆောင်ရွက်ပေးနေသည်ဟု ဒေါက်တာကျော်ကျော်ဌေးက ပြောသည်။

“ငြိမ်းချမ်းရေးနဲ့ အပြုသဘောဆောင်တဲ့ ရေရှည်ဖွံ့ဖြိုးရေးသာလျှင် တည်ငြိမ်တဲ့ ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့” ဟူ၍ ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly