တရုတ်နိုင်ငံတွင် ဆိပ်ကမ်းရှိ ပေါက်ကွဲပစ္စည်းဂိုဒေါင် ပေါက်ကွဲမီးလောင်ရာမှ လူ ၄၄ ဦးသေဆုံး ၅၀၀ကျော် ဒဏ်ရာရ

တရုတ်နိုင်ငံတွင် ဆိပ်ကမ်းရှိ ပေါက်ကွဲပစ္စည်းဂိုဒေါင် ပေါက်ကွဲမီးလောင်ရာမှ လူ ၄၄ ဦးသေဆုံး ၅၀၀ကျော် ဒဏ်ရာရ
ပေါက်ကွဲမီးလောင်သွားသည့် တရုတ် တီယန်ကျင်းဆိပ်ကမ်းမြင်ကွင်း။ ဓာတ်ပုံ- EPA

တီယန်ကျင်း၊ သြဂုတ် ၁၃ ။        ။ နိုင်ငံပိုင်မီဒီယာ၏ သြဂုတ်လ ၁၃ ရက်နေ့က သတင်းပို့ချက်အရ တရုတ်နိုင်ငံ တီယန်ကျန်း ဆိပ်ကမ်းအတွင်းရှိ စက်ရုံနယ်မြေတွင် ကြီးမားသောပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သောကြောင့် အနည်းဆုံး လူ ၄၄ ဦးသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ပေါက်ကွဲမှုကြောင့် ည ကောင်းကင်ယံထဲသို့ မီးလုံးကြီးများ တစ်လုံးပြီးတစ်လုံး တက်လာခဲ့သည်ဟု ဆိုသည်။

အခင်းဖြစ်သည့်နေရာတွင် ရှိနေသည့် အေအက်ဖ်ပီသတင်းထောက်၏ ပြောကြားချက်အရ ဂိုဒေါင်တစ်ခုအတွင်းရှိ သင်္ဘောတင်ပို့မည့် ပေါက်ကွဲပစ္စည်းများ ပေါက်ကွဲပြီးနောက် မြို့ပေါ်သို့ အပျက် အစီးများ မိုးရွာသလို ရွာကျလာကာ မီးများလည်း စတင်လောင်ကျွမ်းလာခဲ့ပြီး မှန်ကွဲစများကိုလည်းပေါက်ကွဲရာနေရာမှ ၂ မိုင်ကျော်အကွာအဝေးအထိ တွေ့ကြရသည်ဟု ဆိုသည်။ ဓာတ်ပုံများအရ ဧရာ မပေါက်ကွဲမှု ကြီးမှာ လေထုထဲသို့ ထိုးတက်လာကာ မီးတံတိုင်းကြီးက အဆောက်အအုံများ၊ ကားများ ကို ဝါးမျိုလိုက်ပြီး သင်္ဘောတင် ကွန်တိန်နာပုံးကြီးများမှာလည်း ကလေးကစားသည့် ဘလောက်တုံး များလို တစ်စစီပြန့်ကျဲကုန်ကြသည်။

ဆေးဝန်ထမ်းများက ဒဏ်ရာရသူများကို မြို့ဆေးရုံသို့ ထမ်းစင်များဖြင့် ခေါ်ဆောင်သွားခဲ့ကြ သည်။ ပေါက်ကွဲမှုမှာ ပြင်းထန်လှသောကြောင့် ကီလိုမီတာ အနည်းငယ်အကွာမှပင် ခံစားကြရပြီး ဂျပန် မိုးလေးဝသဂြိုဟ်တုကပင် ဖမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

''မီးလုံးကြီးက ကြီးလွန်းလို့ မီတာ ၁၀၀ လောက်တောင် ရှည်လိမ့်မယ်''ဟု ဆိပ်ကမ်းအနီးတွင် နေထိုင်သည့် ၂၇ နှစ်အရွယ် ဟောင်ရှီတင်းက ပြောသည်။

''ပထမဆုံး ပေါက်ကွဲသံကြားရတော့ လူတိုင်းအပြင်ကို ထွက်လာကြတယ်။ နောက်တော့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပြီး ပြတင်းမှန်တွေ ကွဲကုန်တယ်။ အထဲမှာ ရှိနေတဲ့ သူတွေ လည်း ထိခိုက်ဒဏ်ရာ ရကုန်ကြပြီး သွေးအလိမ်းလိမ်းနဲ့ ပြေးထွက်လာကြတယ်''ဟု ဟောင်ရှီတင်းက အေအက်ဖ်ပီကို ပြောကြားသည်။

အေအက်ဖ်ပီက ရိုက်ယူခဲ့သည့်ပုံများတွင်မူ ပေါက်ကွဲမှုဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် နေထိုင် ကြသူများမှာ အဝတ်အစား တစ်ပိုင်းတစ်စနှင့် အပျက်အစီးများ ပြန့်ကျဲနေသည့် လမ်းတစ်လျှောက်
ဘေးလွတ်ရာသို့ ပြေးထွက်လာနေပုံများကို ဖော်ပြနေသည်။

နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီကမူ မီးသတ်သမား ၁၂ ယောက်အပါအဝင် အနည်းဆုံး လူ ၄၄ ဦး သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။ နောက်ထပ် ၅၂၀ ဦးမှာလည်း ထိခိုက်ဒဏ်ရာ များဖြင့် ဆေးရုံတင်ထားရပြီး ယင်းတို့အနက် ၆၆ ယောက်မှာ  အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဆိုသည်။ အချို့မာှ ဆေးရုံတွင် လူများလွန်း၍ လှည့်ပြန်ရသည်များပင် ရှိသည်ဟု ဆိုသည်။

ပေါက်ကွဲရသည့် အကြောင်းရင်းကိုမူ ယခုအချိန်အထိ ကွဲကွဲပြားပြား မသိရှိရသေးဘဲ  ပထမ ဆုံးအကြိမ် ပေါက်ကွဲမှု၏ ပြင်းအားပမာဏမှာ TNT ယမ်း သုံးတန်ပေါက်ကွဲအားနှင့် ညီမျှပြီး ဒုတိယ အကြိမ်မှာမူ ၂၁ တန်နှင့် ညီမျှသည်ဟု ဆိုသည်။ ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ ပေါက်ကွဲမှုတွင် တာဝန်ရှိသည့်ကုမ္ပဏီ Tianjin Dongjiang Port Rui Hai International Logistics ၏ အကြီးအကဲကို ရဲက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

တရုတ်နိုင်ငံမှာ စက်ရုံလုံခြုံရေးမှတ်တမ်းတွင် မကောင်းမွန်လှဘဲ စက်ရုံနှင့် ဂိုဒေါင်ပိုင်ရှင်များ က ငွေကုန်ကြေးကျ သက်သာစေရန် အကျင့်ပျက်အရာရှိများကို လာဘ်ထိုးခြင်းဖြင့် လုပ်ထုံးလုပ်နည်း များကို ရှောင်ကွင်းလေ့ရှိကြသည်။

၂၀၁၃ ခုနှစ်ကလည်း တရုတ်နိုင်ငံအရှေ့ပိုင်း ကျင်ဒေါင်ဆိပ်ကမ်းအတွင်းရှိ နိုင်ငံပိုင်ရေနံ   ကုမ္ပဏီ Sinopec ပိုင် စက်ရုံတွင် ပိုက်လိုင်းပေါက်ကွဲမှုကြောင့် လူ ၆၂ ဦး သေဆုံးခဲ့ပြီး ၁၃၆ ဦး ဒဏ်ရာ ရရှိခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly