ဖမ်းဆီးခံရသည့် မြန်မာသတင်းသမားများကိစ္စ မြန်မာအစိုးရမှ ဘင်္ဂလားဒေ့ရှ်ဘက်ကို မေးမြန်း

ဖမ်းဆီးခံရသည့် မြန်မာသတင်းသမားများကိစ္စ မြန်မာအစိုးရမှ ဘင်္ဂလားဒေ့ရှ်ဘက်ကို မေးမြန်း

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ။           ။ သူလျှိုမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာသတင်းသမားနှစ်ဦးကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဆိုသည့် အကြောင်းပြချက်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆက်သွယ်မေးမြန်း ထားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာသတင်းထောက်နှစ်ဦးဖြစ်သည့် မင်းဇေယျာဦးနှင့် ခွန်လတ်တို့နှစ်ဦးကို သူလျှိုမှုဖြင့် ဖမ်းဆီးထိန်းသိမ်း ထားခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားပြီးနောက် ဦးဇော်ဌေးမှာ အထက်ပါအတိုင်း ရေးသားလိုက်ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ဂျာနယ်လစ်ဗီဇာအစား တိုးရစ်ဗီဇာဖြင့် နိုင်ငံတွင်း ဝင်ရောက်လာခြင်းကြောင့် ရဲက စွဲဆို ထားခြင်းဖြစ်ကာ ၎င်းတို့အား ဗီဇာအတုပြုလုပ်မှုနှင့် သတင်းတုများ ပေးပို့မှုဖြင့် စစ်ဆေးခံနေရသည်ဟု ၎င်းတို့၏ ရှေ့နေက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

“သူတို့တွေက မြန်မာနိုင်ငံအတွက် သတင်းတွေ ရယူနေတာဖြစ်တယ်" ဟု ကော့ဘဇားရဲဌာနအကြီးအကဲ ရန်ဂျစ်ဘာရူးက အေအက်ဖ်ပီသို့ ပြောဆိုခဲ့ကြောင်း သိရသည်။

မွတ်စလင် အများစုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား တင်းမာမှု ဖြစ်စေခဲ့သည့် ဘင်္ဂါလီ ဒုက္ခသည်များ ပြဿနာကို ဂျာမနီနိုင်ငံ ဟမ်းဘတ်ချ် အခြေစိုက် Geo မဂ္ဂဇင်းအတွက် သတင်းရယူရန် မင်းဇေယျာဦးနှင့် ခွန်လတ်တို့နှစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို စက်တင်ဘာအစောပိုင်းတွင် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly