ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်ဝင်ကြေး ကျပ်တစ်သောင်း ကောက်ခံတော့မည်

ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်ဝင်ကြေး ကျပ်တစ်သောင်း ကောက်ခံတော့မည်

ရန်ကုန်၊ စက်တင်ဘာလ ၁၅ ။            ။ ရွှေတိဂုံစေတီတော်သို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ဧည့်ဝင်ကြေး တစ်ဦးလျှင် ကျပ်တစ်သောင်းတိတိ တိုးမြှင့်ကောက်ခံသွား မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက မဇ္ဈိမသို့ အတည်ပြုပြောသည်။

လက်ရှိတွင် ရွှေတိဂုံစေတီတော်သို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို တစ်ဦးလျှင် ဧည့်ဝင်ကြေး မြန်မာငွေကျပ် ၈ဝဝဝ အား ကောက်ခံနေခြင်းဖြစ်သည်။

“ လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်တော်တို့ ဆုံးဖြတ်တယ်ခင်ဗျ။ ဆုံးဖြတ်တော့ ခရီးသွားလုပ်ငန်း ကော်မတီ တွေက တင်ပြတယ်။ ၆ လလောက်ကြိုတင်ပြီးတော့မှ ထုတ်ပြန်ကြေညာသင့်တယ်ပေါ့။ ထုတ်ပြန်ပြီးတော့မှ ဆောင်ရွက်သင့်တယ်ဆိုတော့ အဲ့ဒါနဲ့ အခု ကြေညာတာဖြစ်ပါတယ်။ အရင်တုန်းက ၆ လပိုင်း ၁ ရက်နေ့ ကောက်ဖို့လေ။ အခုတော့ ၁၂ ပိုင်း ၁ ရက်နေ့ကို ပြန်ရွေ့ပြီး ကောက်တာပါခင်ဗျာ။ အရင်တုန်းက ၈ဝဝဝ ကောက်တယ်။ အခု တစ်သောင်းကောက်မှာဆိုတော့ ၂ဝဝဝ ပဲ တိုးတာပါခင်ဗျ”ဟု ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

သြဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရွှေတိဂုံစေတီတော်သို့ လာရောက်သောလည်ပတ်သော နိုင်ငံခြားသားခရီး သွားဧည့်သည်များကို ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ဧည့်ဝင်ကြေးတစ်ဦးလျှင် ကျပ်တစ်သောင်းသို့ တိုးမြှင့်ကောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“ လက်ရှိကတော့ မကောက်သေးပါဘူး။ ကျွန်မတို့ကို ဘာမှညွှန်ကြားထားတာ မရှိသေးပါဘူး။ အခုလက်ရှိ ကောက်ခံနေတာကတော့ နိုင်ငံခြားသားဧည့်သည်တစ်ဦးကို မြန်မာငွေကျပ် ၈ဝဝဝ ပဲ ကောက်ခံနေတာပါ။ ဘာမှတော့ ပြောသံမကြားသေးပါဘူး”ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှ တာဝန်ခံတစ်ဦးက ပြောသည်။

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေ ၂၉ တွင်ပါရှိသည့် “ ဦးစီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းတွင် ဇုန်ဝင်ကြေးများကို နိုင်ငံခြားငွေဖြင့် လည်းကောင်း၊ မြန်မာငွေဖြင့် လည်းကောင်း ဝန်ကြီးဌာနမှ သတ်မှတ်နှုန်းဖြင့် ကောက်ခံနိုင်သည်”ဟု ပါရှိပြီး အဆိုပါ နည်းဥပဒေပြဌာန်း ချက်အရလည်း ယခုကဲ့သို့ နိုင်ငံခြားသားများ ဧည့်ဝင်ကြေးကို တစ်ဦးလျှင် ကျပ်တစ်သောင်းထိ တိုးမြှင့် ကောက်ခံနေသည်။

နိုင်ငံခြားသားဧည့်ဝင်ကြေး တစ်ဦးလျှင် မြန်မာငွေ ကျပ်တစ်သောင်းသို့ တိုးမြှင့် ကောက်ခံသွားမည့် အကြောင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အဖွဲ့ အစည်းများသို့ အကြောင်းကြားစာပို့ထားပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly