သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးဘမြင့် နှင့် သွားနှင့်ခံတွင်း ပြဿနာများကို ဆွေးနွေးခြင်းအပိုင်း(၂)

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးဘမြင့် နှင့် သွားနှင့်ခံတွင်း ပြဿနာများကို ဆွေးနွေးခြင်းအပိုင်း(၂)

မဇ္ဈိမပရိသတ်များ၏ ကျန်းမာရေးပြဿနာများ ဖြေကြားပေးခြင်း။

 

မဇ္ဈိမ - နောက်တစ်ယောက်ကတော့ မင်းဟိန်းထက်ပါ။ သူမေးလာတာကတော့ သွားအတုတပ်ရင် ဘာဖြစ်လို့ ပါးစပ်အနံ့ထွက်တာလဲ မေးချင်ပါတယ်တဲ့။

PROF: UBM -သွားအတုတပ်တယ်ဆိုတာ ဘယ်လိုအတုတပ်တာလည်းဆိုတာကို ပြန်တော့မမေးပါဘူး။ သို့သော်လည်း အတုတပ်တယ်ဆိုတာက သုံးမျိုးလောက်တော့ ရှိတာပေါ့။ အခုခေတ်တစ်မျိုးပေါ်လာပြန်ပြီ။ အတုတပ်တာက သွားအရှင်တပ်တာ။ အတုတော့အတုပဲ၊ ဖြုတ်လိုက်တပ်လိုက်ပဲ။ အဲလိုဆိုရင်တော့ပါးစပ်က အနံ့ထွက်စရာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ သူကအတုကို တပ်ထားလို့ရှိရင် ဖြုတ်လိုက်၊ ဆေးလိုက် သန့်ရှင်းရေးမလုပ်ရင် အစာညပ်ပြီဆိုရင်တော့ ပါးစပ်က အနံ့ထွက်လာနိုင်ပါတယ်။ အချို့ဟာတွေက ကျွန်တော်တို့ အသေစိုက်ထားတယ်။ အခုကျတော့ အသေစိုက်စရာမလိုတော့ဘူး။ နှစ်မျိုးဖြစ်သွားပြီ။ အသေစိုက်တယ်ဆိုတာက သွားမရှိတဲ့နေရာကိုဘေးသွားတွေနဲ့ တွဲတာ၊ အဲတော့ နံပါတ်တစ် ဒီသွားကို ကျွန်တော်တို့ သွားကိုတံတားခင်းပြီး အသေစိုက်လိုက်တာ။ ရှေ့သွားတစ်ချောင်း နောက်သွားတစ်ချောင်းကို တွယ်ပြီး အလယ်သွားနဲ့တွဲပြီး စိုက်တာ။ လုပ်တဲ့သူတွေနဲ့ ဆရာဝန်တွေရဲ့ အားနည်းချက်တွေလည်းရှိနိုင်တယ်။သူလုပ်နေတဲ့ တစ်ရာ ရာခိုင်နှုန်းမတိကျတာ ဆရာဝန်ကလည်းတစ်ခါတလေ ကျွန်တော်တို့ဆီက တာဝန်ယူလို့မရဘူး။ ကျွန်တော်တို့က ပုံဖော် ပုံယူပြီးတော့ လက်ကွာသွားတတ်တယ်။ အားနည်းချက်တွေလည်းရှိတယ်၊ သို့သော် ဒီအားနည်းချက်က ပြင်လို့မရဘူးလားဆိုတော့ ပြင်လို့တော့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကျတော့ အဲလောက်ထိလည်း ကျွန်တော်တို့က တိကျရအောင် အမှန်တိုင်းပြောရရင် မလုပ်နိုင်ဘူး။ သူများနိုင်ငံမှာဆိုရင် Technician က ဘေးနားမှာရှိတယ်။အဲ့ဒီ Technician ဆိုတဲ့သူကလည်း ကျွန်တော်တို့လုပ်ထားတာ မတိကျဘူးဆိုရင် သူက ပြန်ပြောပိုင်ခွင့်ရှိတယ်။ ဆရာ ဒီနေရာကလုပ်လို့မရဘူး။ဒီလိုကြီးဆို ကောင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့က သူလုပ်တာမကြိုက်ဘူးဆိုရင် ပြန်လုပ်ဖို့ ပြောလို့ရမှာပဲ။ ကျွန်တော်တို့ဆီမှာ သွားရေးလာရေးခက်ခဲတာ ဆေးခန်းတွေနဲ့ များသောအားဖြင့် သွားဆေးခန်းတွေနဲ့ မတွဲထားတာတွေ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ပေးလိုက်တာပဲ။ တကယ်လို့ အဲသည့်မှာ နည်းနည်းပါးပါးဟာနေတဲ့နေရာမှာ အစာတွေဘာတွေတင်နေရင်လည်း အနံတွေထွက်မှာပဲ။ နောက်တစ်ခုက လူနာရဲ့ စိတ်ပိုင်းပေါ့။ ကျွန်တော်တို့ နဂိုဘုရားပေးတဲ့သွားတောင်မှ ကျွန်တော်တို့က သန့်ရှင်းရေးလုပ်မှပဲ ကောင်းတယ်ဆိုတော့ အတုကို ကျွန်တော်တို့က သည်အတိုင်းထားလို့မရဘူး။ အတုသည် ဘယ်တော့မှ အစစ် ဘယ်လောက်ကောင်းအောင် စိုက်စိုက် ဘယ်လောက်ငွေကုန်ကြေးကျခံခံပြီး စိုက်စိုက် အတုသည် အစစ်လောက်မကောင်းနိုင်သေးဘူး။ အဲသည်တော့ သည်ဟာကိုလည်း လူနာဘက်ကလည်း ဂရုတစိုက်တော့  အတုတပ်ပြီးထားတာပဲ။ ဒီလောက်ဈေးကြီး ပေးထားပြီးပဲဆိုပြီးတော့ ဒီအတိုင်းဂရုမစိုက်ဘဲထားလို့ မရဘူး။ သန့်ရှင်းရေးလုပ်ရမယ်၊ နဂိုအသိထက်ပိုပြီးတော့ ဂရုစိုက်ရမှာပါ။ အတုက အတုပါပဲ အစစ်မဖြစ်နိုင်ပါဘူး။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးပါ။ နောက်တစ်ယောက်ကတော့ ခင်စန္ဒာလင်းလို့ ခေါ်ပါတယ်။ ခင်စန္ဒာလင်းက ဘာမေးထားသလဲဆိုရင် ၆လတစ်ကြိမ် သွားစစ်ဆေးမှုပြုလုပ်ပြီး လိုအပ်သည့် သွားဆရာဝန်ကြီးညွှန်ကြားမှုအတိုင်း ပြုလုပ်လျှင် အသက်ကြီးသည့်အထိ သွားများကြာရှည်ခံမည်လားဆရာ။

PROF: UBM - သာမာန်အားဖြင့်ဆိုရင်တော့ ခံနိုင်ပါတယ်။ သို့သော်လည်း ၆လတစ်ကြိမ် စစ်ဆေးတယ်ဆိုတာက အသက်ငါးဆယ်ကျမှ စစ်ဆေးတာဆိုရင်တော့ ချို့ယွင်းချက်က ပါလာကောင်းပါလာနိုင်ပါတယ်။ တကယ်လို့သာ ကလေးဘဝကတည်းက ကျွန်တော်တို့ဆိုရင် ဥပမာ ကလေးတွေဆိုရင် သုံးလကနေ လေးလအတွင်း တစ်ကြိမ်ပြခိုင်းမယ်။ သူတို့က ပိုးစားနှုန်းကလည်း ပိုမြန်တာကိုး။ ဆယ့်ငါးနှစ် ဆယ့်ရှစ်နှစ်အထိ ပိုးစားနှုန်းမြန်တယ်။ နောက်လူကြီးဖြစ်သွားတဲ့အခါကျရင် ၆လတစ်ကြိမ် သွားသိပ်ကောင်းနေရင်တော့ ခင်ဗျားတစ်နှစ်တစ်ခါပြရင်တော့ တော်ပါပြီဗျလို့ ကျွန်တော်ပြောတယ်။ တကယ်လို့ မေးမြန်းတဲ့ပုဂ္ဂိုလ်ပေါ့ သူကအဲဒီလို လိုက်နာတယ်ဆိုရင်တော့ အကြာကြီးခံနိုင်ပါတယ်။ အခြားသွားနဲ့ မပတ်သက်တဲ့ရောဂါတွေ ဥပမာဆီးချိုရောဂါရှိတယ် သွားခိုင်ခံ့မှုနှုန်းက လျှော့ကျလာမယ်။အဲဒီလို သွားရောဂါမျိုးရှိနေရင်လည်း ကျွန်တော်ခဏက ပြောထားတဲ့ အာမခံကြေးကို မပြောနိုင်ဘူး။

မဇ္ဈိမ - ဆရာကြီး နောက်တစ်ခုက ကျွန်တော်တို့ အယူအဆပေါ့နော်။ ကျွန်တော်တို့ သွားခိုင်အောင်လို့ရှိရင် အချဉ်စားတဲ့အကျင့် အဲဒါကရော ဟုတ်လားခင်ဗျာ။

PROF: UBM - အဲလိုတော့ မဟုတ်ပါဘူးဗျ။ အချဉ်စားလို့ သွားပိုခိုင်လာတယ်ဆိုတာ မဟုတ်ဘူး။ အချဉ်စားတော့ အချဉ်က ကောင်းတာလည်းရှိတယ်၊ အချဉ်က ဗီတာမင် - စီ ပဲပေါ့။ ဗီတာမင် စီကတော့ သွားဖုံးကျန်းမာရေးအတွက် ကျန်းမာသန်စွမ်းဖို့တော့ အရေးပါပေမဲ့ သွားအပေါ်မှာတော့ အချဉ်သိပ်ကြာကြာနေရင်တော့ သွားကပါးသွားမှာပဲ။ သွားကျဉ်လာတယ်ဖြစ်လာမယ်။ သို့သော်မျှတစွာစားဖို့ပဲ လိုပါတယ်။ သွားခိုင်မယ်လို့တော့ ကျွန်တော်တို့ မပြောနိုင်ဘူး။

မဇ္ဈိမ - ဟုတ်ကဲ့ပါ ကျေးဇူးပါ။ နောက်တစ်ယောက်ကတော့ ဒေါ်ဇင်လေးဖြူကတော့ သွားပိုးစားရာကနေ သွားကင်ဆာရောဂါ ဖြစ်တတ်ပါသလား။

PROF: UBM - အဲသည်လိုတော့ မဖြစ်နိုင်ဘူး။ သွားပိုးစာနေရာကနေ သွားကင်ဆာရောဂါ မဖြစ်နိုင်ပါဘူး။

မဇ္ဈိမ -နောက်တစ်ယောက်ကတော့ ဦးကျော်လင်းမေးထားတာက သွားနာနေတဲ့နေရာမှာ သွားဖုံးရောင်နေတာ တစ်လလောက်ရှိပါပြီတဲ့ ဘယ်လိုကုသရမလဲ ကျေးဇူးပြုပြီး ဖြေကြားပေးပါတဲ့။

PROF: UBM - လူနာမကြည့်ရသေးဘဲနဲ့ ကျွန်တော်ရမ်းဖြေလို့မရပါဘူး။ သူ့ဟာက အဖြေတော့ရှိပါတယ်။ သွားနာပြီးတော့ သွားဖုံးရောင်တယ်ဆိုတော့ ဒီသွားဖုံးရောင်ခြင်း အကြောင်းအရင်းသည် သွားဖုံးကြောင့်မဟုတ်ဘူး။ သွားနဲ့ပတ်သတ်ပြီး သွားဖုံးရောင်တယ်လို့ပဲ ကျွန်တော်ယူဆတယ်။ ဥပမာသွားပိုးစားပြီးဆိုရင် တစ်ဖြေးချင်း တစ်ဆင့်ပြီးတစ်ဆင့် အချိန်မှန်သွားအရမ်းနာတယ် ။ တစ်ခါတစ်လေ မကုသဘဲထားရင်လည်း တစ်ခါတစ်လေကျ ပျောက်သွားနိုင်တယ်။ ဘာလို့ပျောက်သွားလဲဆိုတော့ သွားရဲ့အတွင်းဆုံးအလွှာတွေက အာရုံကြောတွေ သွေးကြောတွေ ရှိတာပေါ့။ အဲဒါတွေသေတယ်လို့ ခေါ်တာပေါ့ဗျာ။ အဲဒါက မနာတော့ဘူး နာတာက ပျောက်သွားရော ဒါပေမယ့် အဲတာက လူရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးဟာ သေသွားရင် ပုပ်သွားတာပဲ။ အဲ့ဒီသွားရဲ့အထဲမှာ ရှိတဲ့ အကြောကလည်း သေသွားပြီဆိုရင် သူကလည်း တစ်ချိန်ချိန်ကျ ပုပ်လာမှာပဲ။ ပုပ်လာရင် ဘယ်ကို ထွက်မလဲဆိုတော့ အမြစ်ထိပ်ကနေ ပေါက်ထွက်ပြီးတော့ ဘယ်ကို ထွက်မလဲဆိုတော့ ဘေးကို ပေါက်ထွက်သွားမှာ အဲအချိန်မှာ သွားက ရောင်လာပြီ။ ဒါပေမယ့် မကြည့်ဘဲနဲ့တော့ သွားနာတာ အကြောင်းအရင်းက တစ်ခြား ဒီလိုပဲ သွားပိုးပေါက်ကလေးတွေ ရှိလို့ သွားဖုံးက ရောင်တာ အခြားအကြောင်းလည်း မဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူး။ ဓာတ်မှန်တစ်ချက် ရိုက်ကြည့်လိုက်ရင်တော့ ကျွန်တော်တို့က ဒီအဖြေက ရှင်းသွားမှာပါ။

မဇ္ဈိမ - စည်သူဆိုတဲ့ တစ်ယောက် မေးလာတာကတော့ ဆရာကြီး ခင်ဗျ သွားစိုက်တာ မူလီဆွဲပြီးစိုက်တာ မြန်မာပြည်မှာ တကယ်လို့ နာခဲ့ရင် ကုသလို့ ရမရ သိချင်ပါတယ်။

PROF: UBM - ဒီမူလီဆွဲစိုက်တယ်ဆိုတာ အခု နောက်ဆုံးပေါ်တဲ့ဟာပေါ့။ ဈေးလည်း အရမ်းကြီးပါတယ်။ implant ရဲ့ အားသာချက်ကို ပြောရမယ်ဆိုရင် သူက သွားအရှင်လည်း စိုက်စရာမလိုဘူး။ ဘေးသွားတွေလည်း စားစရာမလိုဘူး။ သူဟာသူ့ တစ်ချောင်းတည်း မူလီကို အရိုးထဲကို ထည့်မယ်။ အရိုးထဲကို ထည့်ပြီးတော့မှ ဒီပေါ်က စိုက်မယ်ပေါ့။ နာခဲ့ရင်ဆိုတာ အကြောင်းအမျိုးမျိုး ရှိတယ်ပေါ့နော်။ လုပ်တာ မမှန်လို့လား ဒါမှမဟုတ်ရင် မလုပ်သင့်တဲ့ လူကို လုပ်လို့လား implant ရဲ့ အားနည်းချက်က ဈေးကြီးတယ်ပေါ့ဗျာ။ မြန်မာပြည်က လူတိုင်းတော့ အဲဈေးကို မတတ်နိုင်ကြဘူးပေါ့။ သူက အားသာချက်က ဘေးသွား မစားဘူးဆိုတာက တော်တော်ကောင်းတယ်ပေါ့။ ဒါပေမယ့် implant လုပ်လို့ မရတဲ့ သူမျိုးလည်း ရှိတယ်။ အဲ လုပ်လို့ မရတဲ့ သူက လူတိုင်းတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အသက်အရွယ် သိပ်ကြီးပြီး အရိုးပါးတဲ့ ရောဂါ နောက်တစ်ခုက ဆေးလိပ်အရမ်းသောက်တဲ့ သူတွေ ကွမ်းအရမ်းစားတဲ့ သူတွေ အဲဒီလူတွေမှာ implant က မအောင်မြင်တာ။ implant ရဲ့ ပတ်ခြာလည်မှာ သွားဖုံးတွေ ရောင်ပြီးတော့ နာလာတာမျိုး ရှိတယ်။ အဲတော့ ကိုယ့်ကလည်း implant တွေ စိုက်ပြီးရင် ဒီဟာလည်း သန့်ရှင်းရေးက အတုကို ပိုအရေးကြီးတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း အသက်က ကြီးပြီးဆိုတော့ အခုမှ ပေါ်တာ ကျွန်တော်ကိုယ်တိုင် implant မလုပ်ဖူးဘူးပေါ့။ ကျွန်တော့်ဆီမှာလည်း တတ်ကျွမ်းတဲ့ ဆရာဝန်တွေ အများကြီး ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ ဈေးတော့ကွာမှာပေါ့နော်။ အဲတော့ ကိုယ်လုပ်တဲ့ ဆရာဝန် ကိုယ်ပြန်မေးရင်တော့ အကောင်းဆုံး ဖြစ်မှာပါ။

မဇ္ဈိမ - စိုးလေးဆိုတဲ့ တစ်ယောက်က မေးလာတာတော့ အံသွားအပေါက်တွေ နှုတ်တာနဲ့စာရင် ဖာတာက ပိုကောင်းပါသလားဆရာ ဖြေကြာပေးပါတဲ့။

PROF: UBM - နဂိုသွားကျန်တယ်ဆိုတာ အများကြီး အခွင့်အရေး ပိုရပါတယ်။ အဲတော့ ဘယ်လို အပေါက်မျိုးလဲဆိုတာ ရှိတာပေါ့နော်။ ကျွန်တော်တို့ ဘယ်လိုမှ မတတ်သာလို့ နုတ်ပစ်ရမယ့် သွားမျိုး ရှိကောင်းရှိမယ် အခုခတ်အမြင်နဲ့တော့ ကျွန်တော်တို့ တစ်ယောက်တည်း မဟုတ်ပါဘူး ဒါက ကျွန်တော်တို့ သွားဆရာဝန်တွေ အများအမြင်က အံဆုံးက လွဲပြီးရင် ကျန်တဲ့ဟာတွေ အပေါက်ဖြစ်လို့ ရှိရင် အခြေနေ သိပ်ယိမ်းယိုင်လာရင် မနုတ်ပါဘူး။ သွားရဲ့ အတွင်းမှာ ရှိတဲ့ သွားက အရမ်းနာနေပြီ အကြောလည်း သိပ်နာနေပြီ အပေါက်ကြီးလည်း အကြီးကြီးပဲ။ အကြောထုတ်ပြီး ကုသမယ်။ ထုတ်ကုသပြီး ဒီထဲကို အကြောအတုထည့်မယ် ပြီးရင် ပြန်ဖို့မယ်။ ဖာမယ်။ ဒါ မရသေးဘူး ဘာလို့လဲဆိုတော့ သွားတစ်ချောင်းကို အကြောသတ်လိုက်တဲ့ အခါမှာ အားနည်းချက် နှစ်ခု ဖြစ်သွားတယ်။ တစ်ခုက သွားအရောင် မဲလိုက်လာတယ်။ အဲတာကတော့ ရှေ့သွားတွေနဲ့ ပိုဆိုင်တာပေါ့။ အံသွားတွေ မဲလိုက်လာတာ ဒီလောက်ကြီး ပြဿနာ မဟုတ်ဘူး။ သို့သော်လည်း အကြောထုတ်လိုက်တဲ့ အတွက် သူ့မှာ ကျွန်တော်တို့ သွေးကြောတွေ အာရုံကြောတွေ သူ့မှာ မရှိဘူး။ သူခံစားမှု မရှိတော့ဘူး။ သွေးကြောမရှိတဲ့ အတွက် အဲကောင်က တစ်ဖြေးဖြေးဆတ်လာတယ်။ ဆတ်လာတဲ့ သွားတွေ တစ်ချိန်ချိန် မနာပေမယ့်လည်း စားရင်းဝါးရင်းနဲ့ ကွဲသွားတယ်။ ကျွန်တော်တို့ ဒါ ပြန်စွတ်ပေးတာပေါ့။ အဲတော့ အကောင်းဆုံး အခြေနေက အပေါက်အခြေနေ မဆိုးခင် သွားဖာပေးလိုက်ရင် ငွေကုန်ကြေးကျလည်း သက်သာတယ်။ အလုပ်အကိုင် သဘောအရလည်း အရမ်းနည်းတယ်။ လုပ်ရတဲ့သူတွေကလည်း သက်သာတယ်။ ခံရတဲ့သူတွေကလည်း နာကျဉ်ခြင်း မရှိဘူးပေါ့ဗျာ။ လုံးဝ ပိတ်တဲ့ဆေးကတော့ အပေါ်သေးဘူးပေါ့။ နည်းနည်းပါးပါး ကျဉ်တာ။ သိပ်ကျဉ်တဲ့မျိုးဆိုရင်တော့ ထုံဆေးထိုးတဲ့ အနာလေးတော့ ခံရမှာပေါ့။

အပိုင်း( ၁)ကို ကြည့်ရှုရန် - http://www.mizzimaburmese.com/article/32002

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required