ပြံုယမ်းနှင့် ဆွေးနွေးရန် မဖြစ်နိုင်တော့ဟု တောင်ကိုရီးယား သမ္မတ ပြော

ပြံုယမ်းနှင့် ဆွေးနွေးရန် မဖြစ်နိုင်တော့ဟု တောင်ကိုရီးယား သမ္မတ ပြော

ဆိုးလ်၊ စက်တင်ဘာ ၁၅ ။         ။ မြောက်ကိုရီးယားနိုင်ငံက နောက်ထပ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှွတ်စမ်းသပ်လိုက်ပြီးနောက် ၎င်းနိုင်ငံနှင့် ဆွေးနွေးဖို့ရန် မဖြစ်နိုင်တော့ကြောင်း တောင်ကိုရီးယား သမ္မတက စက်တင်ဘာ ၁၅ ရက်တွင် ပြောလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြုံယမ်းမြို့ပြင် ဒုံးပစ်စင်မှနေပြီး ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းကို ဖြတ်လျက် ပင်လယ်တွင်းသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်းအား စက်တင်ဘာ ၁၅ ရက် နံနက် ၇ နာရီခန့်က ပစ်လွှတ်ခဲ့သည်။

“ဒီလို အနေအထားနဲ့တော့ ပြုံယမ်းနဲ့ ဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။”ဟု သမ္မတ မွန်ဂျေအင်းက အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ရှုတ်ချမှုနှင့် သတိပေးချက်များကို မထေ့မဲ့မြင်ပြုကာ မြောက်ကိုရီးယား၏ ယခုပဲ့ထိန်းဒုံး ပစ်လွှတ်မှုအား အဆိုပါ အစည်းအဝေးက ရှုတ်ချခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအား စောင့်ကြည့်သွားပြီး မိမိတို့ နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကိုလည်း ပိုမိုတောင့်တင်းအောင် တည်ဆောက်သွားမည်ဟု မွန်ဂျေအင်းက ဆိုသည်။

 

“မြောက်ကိုရီးယားဟာ မိမိတို့နဲ့ မိမိတို့ မဟာမိတ်တွေအပေါ် ရန်စနေတာပဲဖြစ်တယ်။ မြောက်ကိုရီးယားကို ဖျက်ဆီးပစ်ပြီး နာလန်မထူအောင် လုပ်နိုင်တဲ့ စွမ်းအား ကျွန်တော်တို့မှာ ရှိထားတယ်။”ဟု မွန်က ဆိုသည်။

 

မြောက်ကိုရီးယားနိုင်ငံဖက်က နောက်ထပ်ရန်စမှုများ ထပ်မံလုပ်ဆောင်လာနိုင်ကြောင်း သမ္မတ မွန်ဂျေအင်းက သတိပေးကာ ၎င်းတို့အစိုးရအနေဖြင့် မြောက်ကိုရီးယားအား ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ဆွဲခေါ်နိုင်မည့် ဖြစ်နိုင်သမျှ သံတမန်လမ်းကြောင်းအားလုံးအား နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ ပူးပေါင်းရှာဖွေသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။

 

မြောက်ကိုရီးယား၏ ယခုဒုံးကျည်ပစ်လွှတ်လိုက်ပြီး မိနစ်ပိုင်းအတွင်း တောင်ကိုရီးယားစစ်တပ်က နှစ်နိုင်ငံနယ်စပ်အနီး ပဲ့ထိန်းဒုံးကျည်နှစ်စင်းအား တုံ့ပြန်သည့်အနေဖြင့် ပစ်လွှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly