တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီ ရှမ်းပြည်နယ်သို့ ရောက်ရှိနိုင်ပြီး ဒေသအချို့ မိုးသည်ထန်မည်

တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီ ရှမ်းပြည်နယ်သို့ ရောက်ရှိနိုင်ပြီး ဒေသအချို့ မိုးသည်ထန်မည်

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ။           ။ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း ဒေ့ါဆူရီသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်သို့ မနက်ဖြန် စက်တင်ဘာ ၁၆ ရက်နေ့ ညနေတွင် ရောက်ရှိလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးထုတ်ပြန်ထားသည်။

"မြန်မာနိုင်ငံအနီးသို့ရောက်ရှိစဉ် မုန်တိုင်းငယ်(Depression)အဆင့်ဖြင့် ရောက်ရှိလာမည်ဖြစ်သဖြင့် လေတိုက်နှုန်း တစ်နာရီ မိုင်(၄၀-၄၅)နှုန်းနှင့် လေပုန်း(Gust) တစ်နာရီ မိုင်(၅၀-၆၀)ခန့်အထိ တိုက်ခတ်နိုင်ပါတယ်" ဟု ဒေါက်တာ ဦးထွန်းလွင်က စက်တင်ဘာ ၁၅ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်ခန့်က သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသတိပေးထားသည်။

ယင်းအပြင် မိုးတိမ်တောင်များကြောင့် မိုးကြိုးအန္တရာယ် ၊ တောင်ကျချောင်းရေ အန္တရာယ်များကို သတိပြုသင့်ပြီး ရှမ်းပြည်နယ် ၊ ကယားပြည်နယ် ၊ပဲခူးတိုင်း ၊ မန္တလေးတိုင်း  ၊ မကွေးတိုင်းတို့တွင် လေပြင်းဒဏ်များ သတိပြုရန် လိုအပ်ကြောင်း ၎င်းက သတိပေးထားသည်။

ဒေါ့ဆူရီအပူပိုင်းမုန်တိုင်း သည် တောင်တရုတ်ပင်လယ်၌ဖြစ်ပေါ်နေပြီး လတ်တလောတွင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ကမ်းခြေကို ဖြတ်ကျော်နေသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်း (၈၀) အထိဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly