ရခိုင်ပြည်နယ်အတွက် အကြံပြုချက်တိုင်းကို အစိုးရမှ အကောင်အထည်ဖော်မည်မဟုတ်

ရခိုင်ပြည်နယ်အတွက် အကြံပြုချက်တိုင်းကို အစိုးရမှ အကောင်အထည်ဖော်မည်မဟုတ်

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ။       ။ အစိုးရကို အကြံပြုထားသည့် အကြံပြုချက်များအားလုံးကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် မဟုတ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ (လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ) ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"အကြံပြုချက်သည် အကြံပြုချက်သာ ဖြစ်တယ်။ ကျွန်တော်တို့ဆောင်ရွက်ချက်များသည် ပြည်သူအကျိူး ရှိပြီးတော့ တကယ်အကောင်အထည် ဖော်နိုင်တဲ့ဟာမျိုးကို ဆောင်ရွက်မယ်" ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ရခိုင်ပြည်နယ်နှင့်သက်ဆိုင်သည့် ကော်မရှင်များ ( ဒုသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်) မှ နိုင်ငံသားပြုမှု ကိစ္စရပ်များ ၊ IDPs စခန်းများကို ဖျက်သိမ်းရေး ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရေး ၊ လုံခြုံရေးကိစ္စရပ်များ စသည့် အကြံပြုချက်များကို အစိုးရထံ အကြံပြုထားခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်ပြီး မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်မှ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သင့်ကြောင်း ၊ သို့သော်လည်း ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည် ဖြစ်ကြောင်း အကြံပြုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး "အကြံပြုချက်တိုင်းက ချက်ချင်းအကောင်အထည်ဖော်စရာလည်း မလိုဘူး။ ဥပမာပြောရရင် ၈၂ နိုင်ငံသားဥပဒေဆိုပါတော့။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံသားစီစစ်မှုလုပ်ငန်းစဉ်ကြီးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ဆိုတာ ကောင်းတဲ့အချက်ပဲ။ ဒုတိယပိုင်းဆက်တာကတော့ လိုအပ်ရင် အချိန်ကာလတစ်ခုအတွင်းမှာ ပြုပြင်ပြောင်းလဲဖို့ ဆိုတာက လိုအပ်မှ လုပ်မှာလေ၊ မလိုအပ်ရင်မလုပ်ဘူးပေါ့" ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

လက်ရှိအချိန်တွင် အစိုးရအနေဖြင့် မစ္စတာ ကိုဖီအာနန် ကော်မရှင်မှာ တင်သွင်းထားသည့် ကြားဖြတ်အစီရင်ခံစာပါ အချက်များထဲမှ ကမန်တိုင်းရင်းသားများ ပါဝင်သည့် IDPs စခန်းများကို ပိတ်သိမ်းပြီး မူလရပ်ရွာတွင် ပြန်လည်နေထိုင်ခွင့် ပေးခဲ့သည်များ လုပ်ဆောင်ထားပြီး ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း မြေပြင်အခြေအနေနှင့်ကိုက်ညီပြီး ပထမဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များ ထွက်ပေါ်စေရန် ကော်မတီမှ လုပ်ငန်းစီမံချက်များ ရေးဆွဲသွားမည်ဖြစ်ပြီး  ဦးစားပေးလုပ်ငန်းစီမံချက်များ ထွက်ရှိရန် အချိန်ကာလအားဖြင့် ယမန်နေ့ စက်တင်ဘာ ၁၄ရက်နေ့မှ စတင်ပြီး ရက်သတ္တပတ် ၂ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly