မြန်မာ့ကြယ်လိပ် ၁၅ဝ အား သဘာဝအတိုင်းရှင်သန်ရန် သုတေသနလုပ်

မြန်မာ့ကြယ်လိပ် ၁၅ဝ အား သဘာဝအတိုင်းရှင်သန်ရန် သုတေသနလုပ်
ဓာတ်ပုံ - WCS Myanmar

ရန်ကုန်၊ စက်တင်ဘာလ ၁၅ ။         ။ မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊  ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင်  မြန်မာ့ကြယ်လိပ် ကောင်ရေ ၁၅ဝ အား သဘာဝတောထဲသို့ စမ်းသပ်စေလွှတ် သုတေသနလုပ်ငန်းများ ပြုလုပ်နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ သုတေသန လက်ထောက် ဦးစွမ်းထက်နိုင်အောင်မှ မဇ္ဈိမသို့ ပြောသည်။

အဆိုပါ စမ်းသပ်စေလွှတ်ထားသော မြန်မာ့ကြယ်လိပ် ၁၅ဝ ထဲမှ Radio-Telemetry စက်တပ်ထားသော လိပ်ကောင်ရေ ၄၂ ကောင်အား နေထိုင်စားသောက်ပုံ၊ တစ်နှစ်တာအတွင်း  သွားလာကျက် စားသော အကွာအဝေး စသည်တို့အား သုတေသနပြုလုပ်နိုင်ရန် နောက်ယောင်ခံလိုက်ပြီး အချက်အလက်များ ရယူခြင်းကို တစ်လလျှင် ၃ ကြိမ်ထိ သစ်တောဦးစီးဌာန၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့နှင့် သားငှက်ထိန်းသိမ်း ရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)တို့မှ ဝန်ထမ်းများက ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။

“ မြန်မာ့ကြယ်လိပ်ဆိုတာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသဂေဟစနစ်မှာ တစ်ချိန်က သဘာဝအတိုင်းပေါများစွာ တွေ့ရှိရတဲ့ သတ္တဝါဖြစ်ပြီး ယခုဆိုရင်တရားမဝင်   တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုများကြောင့်  မျိုးသုဉ်းလုနီးပါး အလွန်ရှားပါးတဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အဲ့ဒါကြောင့် တရားမဝင် ကုန်သွယ်မှုမှတဆင့် ဖမ်းဆီးရမိတဲ့ ကြယ်လိပ်တွေကို ခြံလှောင်မွေးမြူပြီး သားဖောက်တဲ့ လုပ်ငန်းတွေ ကျွန်တော်တို့ ဆောင်ရွက်လာတာ ယခုဆိုလျှင် ခြံလှောင်မွေးမြူမှုကနေ အောင်မြင်စွာ သားဖောက်မွေးမြူထားတဲ့ မြန်မာ့ကြယ်လိပ်ကောင်ရေလည်း တစ်နှစ်ထက်တိုပွားလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ခြံလှောင်မွေးမြူမှုကနေ အကောင်အရေအတွက်များလာတာက ကျွန်တော်တို့ရဲ့ နောက်ဆုံးပန်းတိုင် မဟုတ်သေးပါဘူး။ မြန်မာ့ကြယ်လိပ်ဟာ အပူပိုင်းဒေသ ဂေဟစနစ်မှာ အရေးပါတဲ့ သတ္တဝါ ဖြစ်တာကြောင့် အဲ့ဒီများပြားလာတဲ့ အရေအတွက်ကို သဘာဝတောထဲပြန်လွှတ်ပေးပြီး ဂေဟစနစ်ကို အကျိုးပြူနိုင်မှသာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင်ပါ။ အဲ့ဒါကြောင့် ခြံလှောင်မွေးမြူမှုကနေ ပွားများလာတဲ့ ကြယ်လိပ်တွေကို သဘာဝတောထဲ စေလွှတ်ပြီး သုသေသန ပြုလုပ်ရတာပါ”ဟု ဦးစွမ်းထက်နိုင်အောင်က ပြောသည်။

ထိုသို့ စက်တပ်ထားသော လိပ်များအား သုတေသနလုပ်ဆောင်ရာတွင် လိပ်များကို နောက်ယောက်ခံလိုက် ခြင်း၊ ရရှိလာသောအချက်အလက်များကိုမှတ်တမ်းတင်ခြင်း၊ မြေပုံဖြင့် တွက်ချက်ခန့်မှန်းခြင်းများ လုပ်ဆောင် နေခြင်းဖြစ်ပြီး လက်ရှိတွင် စမ်းသပ်လွှတ်ထားသော လိပ်များမှ ဥများ ဥချကာ သဘာဝအတိုင်း သားပေါက် နေသော လိပ်ငယ် ၅ ကောင်ကို မျက်မြင်တွေ့ရှိထားပြီဖြစ်သည်။

အဆိုပါ သဘာဝအတိုင်း လွှတ်ထားသော လိပ်များမှာ ၂ဝ၁၆ခုနှစ်၊ ဇူလိုင် ၁၇ ရက်မှ ၂ဝ၁၇ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်အထိ ရွှေစက်တော်ဘေးမဲ့တောထဲရှိ ၂.၅ ဧကအကျယ် ခြံ ၃ ခြံတွင် တစ်ခြံလျှင် အကောင်ရေ ၅ဝ နှုန်းဖြင့် လွှတ်ထားသော မြန်မာ့ကြယ်လိပ်များဖြစ်သည်။ ခြံတစ်ခြံတွင် ကြယ်လိပ် ၁၄ ကောင်ကို Radio-Transmitters တပ်ဆင်ထားကာ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှစ၍ သဘာဝအတိုင်း လွှတ်ပေးထားပြီး ယင်းတို့မှာ လောကနန္ဒာဘေးမဲ့တောထဲတွင် အောင်မြင်နေသော စနစ်တကျခြံလှောင်မွေးမြူထားသည့် မြန်မာ့ကြယ်လိပ်များကို သဘာဝဘေးမဲ့တောထဲသို့ ပြန်လွှတ်ပေးထားခြင်းဖြစ်ကြောင်း  သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly