အီရတ်၌ IS တို့၏ တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံသားများအပါအဝင် ရ၄ဦးခန့်သေဆုံး

By AFP
15 September 2017
အီရတ်၌ IS တို့၏ တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံသားများအပါအဝင် ရ၄ဦးခန့်သေဆုံး

နာဆာရီယာ၊ အီရတ်၊ စက်တင်ဘာ ၁၅  ။            ။ အီရတ်နိုင်ငံတောင်ပိုင်းရှိ နာဆာရီယာမြို့တွင် ကြာသာပတေးနေ့က သေနတ်သမားများနှင့် အသေခံကားဗုံး ဖောက်ခွဲသူများ၏ လက်ချက်ကြောင့် အီရန်နိုင်ငံသားများအပါအဝင် အနည်းဆုံး လူပေါင်း ၇၄ဦးခန့် သေဆုံးခဲ့ ပြီး အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့က ထိုတိုက်ခိုက်မှုသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ သည်။

အကြမ်းဖက်သမားများသည် နေ့လည်မွန်းတည့်ချိန်၌ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးစစ်ဆေးရးဂိတ်ကို အသေခံကားဗုံးဖောက်ခွဲ၍ မတိုက်ခိုက်မီတွင် စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်ရောက်ပြီး သေနတ်ပစ်ခတ်ခဲ့ကြ ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

ရှီးအိုက်မွတ်စလင်အများစု နေထိုင်သော ဒီကာခရိုင်မှ လက်ထောက်ကျန်းမာရေးအကြီးအကဲ အက်ဘ်ဒယ် ဟူစိန်အယ်လ်ဂျာဘရီက သေဆုံးသူများထဲတွင် အီရန်နိုင်ငံသား ၇ဦးပါဝင်ကြောင်းနှင့် လူပေါင်း ၉၃ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြောခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များ၏အဆိုအရ တိုက်ခိုက်သူများသည် အီရတ်နိုင်ငံမြောက်ပိုင်း၌ IS တို့ကို တိုက်ခိုက်ရာတွင် ရဲတပ်ဖွဲ့နှင့်စစ်တပ်ကို အကူအညီပေးခဲ့ကြသော ရှီးအိုက်မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ ရုပ်ဖျက်ကာ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အလောင်းများကို လူနာတင်ယာဉ်အတွင်းသို့ သယ်ဆောင်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာရှိ မီးလောင်ကျွမ်းနေသောကားများနှင့် အပျက်အစီးများကို ရှင်းလင်းခဲ့ ကြသည်။

IS တို့ တိုက်ခိုက်မှု ကျူးလွန်ခဲ့သော အဝေးပြေးကားလမ်းမကြီးသည် ရှီးအိုက်ဘုရားဖူးများနှင့် အိမ်နီးချင်းအီရန် နိုင်ငံမှ ခရီးသွားများက မြောက်ပိုင်းရှိ မြင့်မြတ်သောမြို့များဖြစ်ကြသော နာဂျက်ဖ်နှင့် ခါဘာလာမြို့သို့ သွားရောက်ရာတွင် အသုံးပြုသော လမ်းမကြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly