မြန်မာလူငယ်များနှင့် ဆွစ်ဇာလန်လူငယ်များ ဖက်ဒရယ်စနစ်အကြောင်း တွေ့ဆုံဆွေးနွေးမည်

မြန်မာလူငယ်များနှင့် ဆွစ်ဇာလန်လူငယ်များ ဖက်ဒရယ်စနစ်အကြောင်း တွေ့ဆုံဆွေးနွေးမည်

 

စက်တင်ဘာ ၁၅ ။             ။ ဖက်ဒရယ်စနစ်နှင့် စဉ်းစားတွေးခေါ်မှုများ၊ မတူကွဲပြားသော လူ့အသိုင်းအဝိုင်းများ အတူယှဉ်တွဲနေထိုင်ရန် မည်သို့ဆောင်ရွက်ရေးများ အပါအဝင် မြန်မာလူငယ်များနှင့် ဆွစ်ဇာလန်လူငယ်များ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးနှင့် မီဒီယာများ တွေ့ဆုံပွဲမှ သိရသည်။

လာမည့် စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ ဆွစ်ဇာလန် လူငယ် ၃ ဦး မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကာ စက်တင်ဘာလ ၂၆ ရက်တွင် မြစ်ကြီးနားမြို့၊ စက်တင်ဘာလ ၂၈ ရက်တွင် ရန်ကုန်မြို့၊ အောက်တိုဘာလ ၂ ရက်တွင် တောင်ကြီးမြို့၌ ဒေသခံလူငယ်တို့နှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။

" လူငယ်တွေအနေနဲ့ လွတ်လွတ်လပ်လပ်ကြောဆိုဆွေးနွေးခွင့်ရမယ်။ မတူညီတဲ့ကွဲပြားမှုတွေကနေ အဖွဲ့အစည်းအတွက် ဘယ်လို အကျိုးပြုမလဲ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆွေးနွေးမှုတွေ ပါဝင်ပါတယ်။ ဒီအတွက် ကျောင်းသားလူငယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေမှာ ပါဝင်နေတဲ့လူငယ်တွေ၊ ဖက်ဒရယ်စိတ်ဝင်စားတဲ့လူငယ်တွေ ပါဝင်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Mr.Paul Seger က ပြောသည်။

အနာဂတ်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ်စနစ်ဆိုင်ရာတွေးခေါ်မှုများနှင့် ဆွေးနွေးသုံးသပ်မှုများကို အမြင်ချင်း ဖလှယ်ကြမည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲအတွက် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု မတူညီသော လူငယ် ၃၅ ဦးနှင့် ၄၀ အကြား ဖိတ်ကြားသွားမည် ဖြစ်သည်။

အစီအစဉ်တွင် မြန်မာနိုင်ငံ၏ ရှေ့အနာဂတ်တွင် ဖြစ်လာမည့် နိုင်ငံရေးစနစ်အပေါ် ဆွေးနွေးအမြင်ဖလှယ်ခြင်းများအပြင် ဖက်ဒရယ်စနစ်နှင့်ပတ်သက်သော ရုပ်ရှင်တိုများ အတူကြည့်ရှုခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ ပြဇာတ်တိုများ ထည့်သွင်းပြသခြင်းတို့ပါဝင်သည်။

အဆိုပါ ဖက်ဒရယ်စနစ်စကားဝိုင်းကို ဆွစ်ဇာလန်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ဖက်ဒရယ်စနစ်ကို ပိုမိုသိရှိလေ့လာနိုင်စေရန် ဖြစ်သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသမှ လူငယ်များ ပါဝင်နိုင်ရန် မြစ်ကြီးနားနှင့် တောင်ကြီးကို ရွေးချယ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့မှာမူ သွားလာရလွယ်ကူရန် ရွေးချယ်ထားခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှုများအား ဆွစ်ဇာလန်မှနောက်နှစ်များတွင် ထပ်မံပြုလုပ်ရန်ရှိသွားပြီး လက်ရှိတွင် ထိုသို့တွေ့ဆုံဆွေးနွေးမှုများအပြင် မြန်မာလူငယ်အစိုးရဝန်ထမ်းများအား ဆွစ်ဇာလန်နိုင်ငံတွင် ထရိန်နင်များ ပြုလုပ်ပေးနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly