ဆီနီဂေါတိုက်စစ်မှူးဒီယော့ဖ်ကို စတုခ်စီးတီးအသင်း ၃ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

ဆီနီဂေါတိုက်စစ်မှူးဒီယော့ဖ်ကို စတုခ်စီးတီးအသင်း ၃ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

စက်တင်ဘာ ၁၅၊ အင်္ဂလန် ။            ။ စတုခ်စီးတီးအသင်းသည် ဆီနီဂေါတိုက်စစ်မှူး မာမီဒီယာ့ဖ်ကို ၃ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်သည်။

၂၀၁၄ ခုနှစ်က ဟန်နိုဗာအသင်းမှ စတုခ်စီးတီးအသင်းသို့ ရောက်ရှိလာခဲ့သည့် ဒီယော့ဖ်သည် ၉၉ ပွဲ ပါဝင်ကစားပေးထားပြီး ၁၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ စတုခ်စီးတီးအသင်းကို အဆင့်ကိုး နေရာတွင် ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့သည်။

“အဆင့် ၁၀ အတွင်းမှာ ထပ်ပြီးရပ်တည်နိုင်ဖို့ကို ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်ပိုပြီး အဆင့်ကောင်းကောင်းမှာ ရပ်တည်နိုင်ဖို့နဲ့ ဆုဖလားတစ်ခုခု ရရှိဖို့ ပစ်မှတ်ထားသင့်ပါတယ်။

စတုခ်စီးတီးအသင်း ဆုဖလားရရှိခဲ့တာ ကြာလှပါပြီ။ နောက်တစ်ကြိမ်ဆုဖလားထပ်ရမယ့် စတုခ်စီးတီးအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လိုပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ဆုဖလားမရနိုင်ဖို့ ဘာအကြောင်းမှ မရှိပါဘူး” ဟု ဒီယော့ဖ်က ဆိုသည်။

ဒီယော့ဖ်သည် တိုက်စစ်မှူးတစ်ဦးဖြစ်သော်လည်း နည်းပြမာ့ခ်ဟုချ်၏လက်အောက်တွင် နေရာမျိုးစုံ၌ကစားရလျက်ရှိပြီး ယခုနှစ်တွင် တောင်ပံခံစစ်မှူးပုံစံမျိုးကစားနေရသည်။

“တိုက်စစ်မှူးတစ်ယောက်လို ကစားချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးပါ။ ဒါကြောင့် နည်းပြအလိုရှိတဲ့နေရာမှာ အကောင်းဆုံးကစားသွားမှာပါ။ ဒီမှာ ကစားလာတာ သုံးနှစ်ရှိသွားပြီဖြစ်လို့ ကလပ်ရဲ့အစိတ်အပိုင်းတစ်ခုလို ခံစားလာရပါပြီ။ မိသားစုအခြေအနေကလည်း တည်ငြိမ်နေပါပြီ။ ဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်” ဟု ဒီယော့ခ်က ဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly