မြောက်ကိုရီးယားက ဂျပန်ကို ကျော်ပြီး ဒုံးကျည် ထပ်ပစ်ပြန်

By AFP
15 September 2017
မြောက်ကိုရီးယားက ဂျပန်ကို ကျော်ပြီး ဒုံးကျည် ထပ်ပစ်ပြန်

 

စက်တင်ဘာ ၁၅ ။             ။ မြောက်ကိုရီးယားတို့ စက်တင်ဘာ ၁၅ ရက်က ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး ယင်းဒုံးကျည်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းပေါ်ကနေ ဖြတ်သန်းသွားခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲ ကျသွားခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားတို့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်ပေါ်ကနေ ကျော်ပြီး ဟော့ကိုင်းဒိုးကျွန်းရဲ့ အရှေ့ဘက် ကီလိုမီတာ ၂,၀၀၀ ခန့်အကွာ ပစိဖိတ်သမုဒ္ဒရာထဲ ကျသွားတာဖြစ်တယ်ဆိုပြီး ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟိုက် ဆူဂါက ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက် မနက် ၆ နာရီ ၅၇ မိနစ်လောက်မှာ ပစ်လွှတ်လိုက်တဲ့ အဆိုပါ ဒုံးကျည်ကိုတော့ ဂျပန်တို့ဘက်က ပစ်ချဖို့ ကြိုးစားခဲ့ခြင်းတော့ မရှိဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယင်းအထီးကျန်နိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်ဖို့ ကုလသမဂ္ဂက တစ်ခဲနက် အတည်ပြုလိုက်တဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ ယခုလို နောက်ထပ် ဒုံးကျည်ပစ်လွှတ်မှုကို ပြုံယမ်းအာဏာပိုင်တွေ ထပ်မံလုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ကနဦး အကဲဖြတ်မှုတွေအရ ယခုပစ်လိုက်တဲ့ ဒုံးကျည်ဟာ တာလတ်အဆင့် ပဲ့ထိန်းဒုံးအမျိုးအစားတစ်ခုဖြစ်တယ်လို့လည်း အမေရိကန် ပစိဖိတ်ရေတပ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း မြောက်ကိုရီးယားတို့အနေနဲ့ ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့သေးပြီး ယင်းဟာလည်း ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းပေါ်ကနေ ဖြတ်ပြီး သမုဒ္ဒရာထဲ ကျသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags