"အမျိုးသားလွှတ်တော်က အတည်ပြုသည့် ကျောက်မျက်ရတနာဥပဒေအား မိုးကုတ်ဒေသခံများကန့်ကွက်နေ"

"အမျိုးသားလွှတ်တော်က အတည်ပြုသည့် ကျောက်မျက်ရတနာဥပဒေအား မိုးကုတ်ဒေသခံများကန့်ကွက်နေ"

မိုးကုတ်၊စက်တင်ဘာ ၁၄ ။       ။ ၂၀၁၇ခုနှစ်၊သြဂုတ်လ ၃ ရက်နေ့က အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေသည် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ မပါဝင်ခြင်းကြောင့် ဒေသခံများက ကန့်ကွက်လျှက်ရှိကြောင်း မိုးကုတ်ထာပွဲကျောက်သည် ပွဲစားများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဖြူ ဖြူ မြင့်က မဇ္ဈိမကိုပြောသည်။

အဆိုပါ ဥပဒေအား ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၄ ရက်၊နံနက်၁၀နာရီက မိုးကုတ်မြို့မှာရှိသည့် မိုးကုတ်ထာပွဲကျောက်ကုန်သည်ပွဲစားများအဖွဲ့ ရုံးခန်းမှာပြုလုပ်ခဲ့သည်။

"ဒီကျောက်မျက်ဥပဒေမှာ အစ်မတို့ဒေသခံတွေအနေနဲ့ ဘာမကြိုက်လည်းဆိုတော့ အခန်း(၅)ဥပဒေပုဒ် ၁၀(က)၊၁၈(က)မှာ အစ်မတို့ဒေသခံတွေက တတိယနေရာရောက်သွားတယ်။ အဲဒါကို အဓိကထားပြီး မကြိုက်ဘူးပေါ့။ ဒါကြောင့် အားလုံးက ဝိုင်းကန့်ကွက်တာပါ"ဟု ဒေါ်ဖြူဖြူမြင့်က ပြောသည်။

အဆိုပါအတည်ပြုလိုက်သည့် ကျောက်မျက်ဥပဒေထဲမှ အခန်း(၅)၊ပုဒ်မ ၁၀ (က)တွင် အလတ်စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာလုပ်ကွက် တစ်ခုခြင်းအတွက်   နေရာပေါ်မူတည်၍ သင့်လျော်သော အတည်ပြုဈေးနှုန်းကို သတ်မှတ်ပေးရမည်။အကယ်၍လုပ်ကွက်တစ်ခုအတွက် ယှဉ်ပြိုင်အဆိုပြုလွှာ တင်သွင်းခြင်းများပေါ်ပေါက်လာပါက လိုအပ်သော   ရွေးချယ်မှုစည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။

ရွေးချယ်မှုစည်းကမ်းများနှင့်ညီညွှတ်သူ နှစ်ဦးအထက် ယှဉ်ပြိုင်အဆိုပြုလွှာ တင်သွင်းလာသည့်အခါ လွန်ခဲ့သော တူးဖော်ထုတ်လုပ်သည့်ကာလက ဆောင်ရွက်မှုသာလွန်သော ခွင့်ပြုမိန့်ရရှိသူကို ပထမဦးစားပေးအဖြစ်လည်ကောင်း၊ အထက်ဖော်ပြပါ ပထမဦးစားပေးအချင်းချင်း တူညီနေပါက လက်ရှိ၊လက်ငုတ် တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သူတွေကို ဒုတိယ ဦးစားပေးအဖြစ်လည်းကောင်း၊ဒေသခံကို တတိယဦးစားပေးအဖြစ် လည်းကောင်း အကယ်၍ အထက်ဖော်ပြပါ ဦးစားပေးအချက်များ တူညီနေပါက ဈေးပြိုင်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာရွေးချယ်ရမည် စသည်ဖြင့်ပါရှိသည်။

အဆိုပါ အမျိုးသားလွှတ်တော်မှအတည်ပြုလိုက်သည့်ဥပဒေကို ပြန်လည်ပြုပြင်ပေးနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်တွင်တင်ပြဆွေးနွေးမှုများပြုလုပ်သွားမည်ဟု မိုးကုတ်မြို့နယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်ကပြောသည်။

"၁၀(က)နဲ့၁၈(က)ကတော့ အမျိုးသားလွှတ်တော်ကနေ အတည်ပြုချက်နဲ့ဖြည့်စွက် ထပ်မံထွက်လာတဲ့ဟာပေါ့။အဲဒီမှာ ဒေသခံတွေ တတိယဦးစားပေးဆိုတော့ လက်တွေ့တကယ်တမ်း   မြေပြင်မှာလုပ်တဲ့အခါကြတော့ ဒေသခံတွေ နစ်နာနေတာက နှစ်ပေါင်းများစွာကြာပြီလေ ကြာတဲ့အခါကြတော့ ဒေသခံတွေရဲ့ ခံစားခွင့်နဲ့လုပ်ပိုင်ခွင့်က ဘာမှပါမလာတဲ့အတွက် ဒေသခံတွေက ဒီဥစ္စာကို မကြိုက်ဘူး။ပြန်လည်ပြီးတော့ ဒီဥပဒေကို ဖြုတ်ပေးရင်သော်လည်းကောင်း၊ပြင်ပေးရင်သော်လည်းကောင်း ဒါတွေကိုတောင်းဆိုလာတဲ့အတွက်ကျွန်တော်တို့ အခုအမျိုးသားလွှတ်တော်ကနေ ပြည်သူ့လွှတ်တော်ကိုရောက်လာပြီ။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကနေတဆင့်ဒီအသံတွေကို နားထောင်ပြီးမှ ပြုပြင်ပြောင်းလဲဖို့ကြိုးစားရမှာပေါ့။
ပြည်သူတွေရဲ့အသံ ပြည်သူတွေရဲ့လိုအပ်ချက်ကို ကျွန်အတတ်နိုင်ဆုံး အနီးစပ်ဆုံး ပြင်ဆင်နိုင်အောင် ပြည်သူ့လွှတ်တော်ကနေ လုပ်ဆောင်သွားမှာပါ။"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်ကပြောသည်။

မိုးကုတ်မြို့နယ်ကျောက်မျက်ဥပဒေ အကြံပြုကော်မတီမှ ဒေသခံများ၏အလုပ်အကိုင်အခွင့်အလမ်းများ၊လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်များကို အကြံပြုတင်ပြမှုများကို အမျိုးသားလွှတ်တော် ဥပဒေပြုရေးကော်မတီသို့တင်ပြမှုများပြုလုပ်ခဲ့သလိုသွားရောက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ထွက်ရှိလာသည့်ဥပဒေတွင် အကြံပြုတင်ပြခဲ့သည့်အချက်များပါဝင်လာခြင်းမရှိခြင်းကြောင့် ယခုလိုကန့်ကွက်မှုများ ဖြစ်ပေါ်လာခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာကြသူများကဆိုသည်။

ကျောက်မျက်ဥပဒေ အကြံပြုရေးကော်မတီဝင် ဦးစိုးမြင့်က "ကျွန်တော်တို့အကြံပြုကော်မတီအနေနဲ့ဒေသခံတွေရော၊ကျေးရွာတွေရော ဆင်းပြီးတော့မှအကြိမ်ကြိမ်ဆွေးနွေးပြီးတော့မှ အကြုံစာပို့တယ်။နောက်တစ်ခါ အမျိုးသားလွှတ်တော်က သံယံဇာတကော်မတီဥက္ကဋ္ဌကိုယ်တိုင် ကွင်းဆင်းပြီး ကျွန်တော်တို့နဲ့တွေ့ပါတယ်။ကျွန်တော်တို့ကမျှော်လင့်တယ်။သို့သော် တကယ်ထွက်လာတော့ ကျွန်တော်တို့မျှော်လင့်ထားသလို လုံးဝမဖြစ်ဘဲနဲ့ဆန့်ကျင်ဘက် ထွက်လာတယ်။ အဲဒီအပေါ်မှာ အမျိုးသားလွှတ်တော်ကိုရော သံယံဇာတကော်မတီကိုရော သံသယရှိတယ်။ ဘာကြောင့် ပြည်သူကိုကျောခိုင်းပြီး ဒီဥပဒေထုတ်တာလဲ။ ဒါကျွန်တော်တို့ လုံးဝလက်မခံဘူး။"ဟုပြောသည်။

မိုးကုတ်ဒေသခံများအနေဖြင့် အမျိုးလွှတ်တော်က အတည်ပြုလိုက်သည့် ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်ပေးရန်အတွက် ဆက်လက်တောင်းဆို ကန့်ကွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly