နယ်စပ်ခြံစည်းရိုးကာရန် လှူဒါန်းငွေများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ခံမည်

နယ်စပ်ခြံစည်းရိုးကာရန် လှူဒါန်းငွေများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ခံမည်

ရန်ကုန်၊ စက်တင်ဘာ ၁၄ ။        ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးကာရန် ကျန်ရှိသည့် မိုင် ၄၀ အတွက် ပြည်တွင်းအလှူရှင်များမှ လှူဒါန်းငွေများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်လက်ခံသွားမည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ မှ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ (လူမှုဝန်ထမ်းပြန်လည်ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ) ဒေါက်တာဝင်းမြတ်အေး ကပြောသည်။

“ ကျွန်တော်တို့တွေကိုလည်း ဆက်သွယ်ကြတယ် အလှူရှင်တွေက။ ဒါပေမယ့် အဲ့ဒီဟာနဲ့ပတ်သက်လို့ Focal  Ministry (ဆောင်ရွက်မည့် ဝန်ကြီးဌာန) က ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ အဲ့ဒီမှာ သူက ငွေစာရင်းခေါင်းစဉ်တစ်ခု သူလုပ်မယ်။ လုပ်ပြီးရင် သူလက်ခံမယ်ပေါ့နော်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးကာရန် ပြည်တွင်းအလှူရှင်များမှ လှူဒါန်းနေကြပြီး စုစုပေါင်း မည်မျှကောက်ခံရှိနေသည်ကိုမှု မသိရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဒုသမ္မတ (၁) ဦးဆောင်သည့် ရခိုင်ကော်မရှင်အကြံပြုချက်ထဲတွင်လည်း နယ်စပ်ခြံစည်းရိုးကာသည့်ကိစ္စ ပါဝင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် နယ်စပ်ခြံစည်းရိုးအား လုံခြုံစွာအမြန်ဆုံး ကာရံရန် နိုင်ငံတော်က ကျပ်ငွေ ၅ဘီလီယံ ဘတ်ဂျက် ချပေးထားသည်ဟု နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောဆိုထားသည်။

ထို့အပြင် ပေါက်ပြဲနေသည့် မိုင်တိုင်အမှတ် ၃၀ မှ ၄၇ အထိကိုလည်း ဖာထေးခြင်းများပြုလုပ်သွားမည်ဟုသိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို တပ်မတော် အင်ဂျင်နီယာတပ်ရင်းက တာဝန်ယူကာ ပြီးခဲ့သည့် ၂၀၀၉ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly