စက်တင်ဘာ ၁၄ ။ ။ စင်ကာပူနိုင်ငံ အပြင်ဘက် ရေပြင်မှာ ရေနံတင်သင်္ဘောတစ်စင်းနဲ့ သောင်တူးသင်္ဘောတစ်စင်းတို့ တိုက်မိခဲ့ပြီးနောက် လူငါးဦး ပျောက်ဆုံးနေခဲ့ရာကနေ ယခုအခါ ရေငုပ်သမားတွေက ရုပ်အလောင်းနှစ်လောင်းကို ရှာတွေ့ခဲ့ပြီ ဖြစ်ပါတယ်။
ယခု သင်္ဘောချင်းတိုက်မိမှုဖြစ်စဉ်ဟာ အသွားအလာများတဲ့ စင်ကာပူရေလက်ကြားမှာ ဖြစ်ခဲ့တာဖြစ်ပြီး ယင်းနေရာမှာပဲ ပြီးခဲ့တဲ့ကာလက အမေရိကန်စစ်သင်္ဘော တိုက်မိမှုဖြစ်စဉ်တစ်ခုလည်း ဖြစ်ထားခဲ့ပါသေးတယ်။
ယခု သင်္ဘောတိုက်မှုဖြစ်စဉ်မှာ ဒိုမီနစ်ကန် သောင်တူးသင်္ဘော နစ်မြုပ်သွားခဲ့ရာ တရုတ်နိုင်ငံသား ရေယာဉ်အမှုထမ်း လေးဦးနဲ့ မလေးရှားတစ်ဦးတို့ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်မှာ အခြားသင်္ဘောသား ခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
ယင်း ဖြစ်စဉ်မှာ စင်ကာပူနဲ့ အိမ်နီးချင်း အင်ဒိုနီးရှားတို့ကနေ ရေယာဉ် အစင်း ၃၀ လောက်နဲ့ စင်ကာပူ လေတပ် လေယာဉ်ငါးစင်းတို့က သွားရောက်ကူညီကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။
သောင်တူးသင်္ဘောနဲ့ တိုက်မိခဲ့တဲ့ အင်ဒို ရေနံတင်သင်္ဘောကတော့ သင်္ဘောပဲ့ပိုင်းမှာ ထိခိုက်ပျက်စီးသွားခဲ့ပေမယ့် အခြေအနေကောင်းပြီး သင်္ဘောသားတွေလည်း တစ်ဦးမှထိခိုက်ဒဏ်ရာမရခဲ့ကြဘူးလို့ သိရပါတယ်။