အာရှအသားအရေ နှင့် တင်းတိပ်

အာရှအသားအရေ နှင့် တင်းတိပ်

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အာရှအသားအရေ နှင့် တင်းတိပ်

အာရှသူတွေဟာ တခြားနိုင်ငံကအမျိုးသမီးတွေထက် ဘာလို့များ တင်းတိပ်တွေ ပိုထွက်လေ့ရှိတာလဲလို့ သင့်အနေနဲ့တွေးမိဖူးပါသလား။ ပြီးတော့ ဒါမျိုးတင်းတိပ်ထွက်တာဟာ ကုသလို့ရတဲ့နည်းလမ်းတွေများရှိသလားလို့ရော စဉ်းစားဖူးပါသလား။

အာရှသူတွေနဲ့တင်းတိပ်

အာရှသူတွေရဲ့အသားအရေဟာ အခြားလူမျိုးတွေထက်နုနယ်ပြီး ထိခိုက်လွယ်ပါတယ်။ အမာရွတ်တွေဘာတွေလည်း ထင်လွယ်ပါတယ်။ အကြီးမားဆုံး ပြဿနာတစ်ခုက အသားအရေမှာ အမည်းစက်တွေ ဖြစ်တာပါပဲ၊ အထူးသဖြင့် တင်းတိပ်ပေါ့။ အာရှသူတွေမှာ တင်းတိပ်ဟာ အင်မတန်အဖြစ်များပါတယ်။

တင်းတိပ်ဆိုတာဘာလဲ။

တကယ်လို့သင်မျက်နှာ၊ ပါး၊ မေးစေ့၊ နဖူးစတဲ့နေရာတွေမှာ အညိုရောင်၊ အညိုရောင်ရင့်ရင့်အကွက်တွေ ဖြစ်နေပြီဆိုရင် ဒါဟာတင်းတိပ်ပါပဲ။
တင်းတိပ်ဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလနဲ့ကလေးမွေးပြီးချိန်တွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် အာရှအသားအရေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့အလှကုန်ပစ္စည်းတွေမှာ အရောင်တောက်စေတဲ့၊ ဖြူစေတဲ့ပစ္စည်းတွေ အများအပြားပါဝင်တာပဲ ဖြစ်ပါတယ်။

အာရှသူတွေဘာလို့တင်းတိပ် ဖြစ်ရတာလဲ။

အာရှသား/သူတွေမှာ မယ်လနင် (melanin)လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းထုတ်လုပ်မှုများတာကြောင့် ဖြစ်တယ်လို့လေ့လာမှုအချို့ကဆိုပါတယ်။မယ်လနင် ဆိုတာဟာလူတွေရဲ့အသားအရေကိုနေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်တဲ့သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ အသားညိုတဲ့၊ မည်းတဲ့သူတွေဟာ အသားလတ်တဲ့၊ ဖြူတဲ့လူတွေထက် မယ်လနင်ဓာတ်ပိုပြီး ထုတ်လုပ်ပါတယ်။ (ဟော်မုန်းဓာတ်မညီမျှမှုကြောင့်) မယ်လနင်ဓာတ်ကို ပိုမိုထုတ်လာတဲ့အခါ တင်းတိပ်ဆိုပြီး ဖြစ်လာပါတော့တယ်။ အာရှသူတွေအနေနဲ့နေလောင်တာ၊ အသားညိုတာ၊ တင်းတိပ်ဖြစ်တာအစရှိတဲ့ အရေပြားညိုမည်းတဲ့ ပြဿနာတွေကို ပိုခံစားရတာဟာ အာရှတိုက်ရဲ့ ရာသီဥတုကြောင့်လည်း ပါဝင်ပါတယ်။

တင်းတိပ်ကို ဘယ်လိုကုကြမလဲ။

လက်ရှိအချိန်ထိတော့ တင်းတိပ်ကိုကုသလို့ရမယ့် ဆေးမရှိသေးပါဘူး။ ဒါပေမယ့် အောက်ဖော်ပြပါနည်းလမ်းတချို့ကိုသုံးပြီး သက်သာသွားအောင်တော့ လုပ်လို့ရပါတယ်။
• Hydroquinone၊Tretinoinနဲ့ Corticosteroids အစရှိတဲ့ဆေးတွေကို သုံးစွဲပါ။ သူတို့ဟာ အသားအရေကို ဖြူစေခြင်းအားဖြင့် တင်းတိပ်ကို ကုသပေးပါတယ်။
• လိမ်းဆေးတွေ ။ Azelaic acid ဒါမှမဟုတ်Kojic acid အစရှိတဲ့ အရေပြားကို ဖြူစင်တောက်ပစေတဲ့ဆေးတွေကို လိမ်းပေးနိုင်ပါတယ်။
• တခြားနည်းလမ်းတွေ။ ဓာတုပစ္စည်းသုံးပြီး အရေပြားချေးချွတ်ခြင်း၊ စက်ကိရိယာနဲ့ အပေါ်ယံအရေပြားဆဲလ်သေဖယ်ရှားခြင်း အစရှိတဲ့နည်းလမ်းတွေအသုံးပြုပြီး အရေပြားအပေါ်ယံလွှာက အမည်းစက်တွေကိုဖယ်ရှားခြင်း။

မိမိကိုယ်ကို ဘယ်လိုဂရုစိုက်မလဲ။

အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာကျင့်သုံးရပါမယ်။

• ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုစားပါ ။ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေ စားပေးဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ဒီအစားအစာတွေဟာ ကျန်းမာရေးအတွက်ကောင်းရုံသာမက အရေပြား၊ဆံကေသာနဲ့လက်သည်းခြေသည်းတွေကိုပါ ကျန်းမာသန်စွမ်းစေတဲ့အတွက် ဖြစ်ပါတယ်။
• စိတ်ရောလူပါ လန်းဆန်းစေဖို့နဲ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်ဖို့အတွက် ရေများများသောက်ပေးဖို့လည်း အရေးကြီးလှပါတယ်။
• နေလောင်ခံခရင်မ် လိမ်းပါ(SPF 30နဲ့အထက်)။ သင့်အရေပြားကို အသေအချာကာကွယ်နိုင်ဖို့အတွက် လျှာထိုးပါတဲ့ ဦးထုပ်ခပ်ကြီးကြီးကိုဆောင်းပါ။ လက်ရှည်အင်္ကျီဝတ်ပါ။ နေ့လည် ၁၀နာရီနဲ့၁၂နာရီကြားကို တတ်နိုင်သမျှအပြင်မထွက်ပါနဲ့။
• သခွါးသီးကပ်တာမျိုးလုပ်ပေးရင်လည်း တင်းတိပ်တွေကို သက်သာစေမှာပါ။
• စိတ်အေးအေးထားပါ။ တင်းတိပ်ကိစ္စကို အရမ်းကြီးစိတ်ထဲမထားပါနဲ့။ ဘာလို့လဲဆိုတော့ စိတ်ဖိအားများတာဟာလည်း တင်းတိပ်အပါအဝင် တခြားရောဂါတွေရဲ့ အဓိကလက်သည်တရားခံ ဖြစ်နေတတ်လို့ပါပဲ။
• အသားရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကိုလည်း စမ်းသုံးကြည့်နိုင်ပါတယ်။ ဒါပေမယ့် ပါဝင်ပစ္စည်းတွေ သင်နဲ့တည့်မတည့်သိရှိနိုင်ဖို့အတွက် အရေပြားအထူးကုနဲ့အရင်မေးမြန်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
• waxing မလုပ်ရပါဘူး (ဖယောင်းသုံးပြီး အမွှေးအမျှင်တွေရှင်းလင်းခြင်း)။ ဘာလို့လဲဆိုတော့ waxing လုပ်တာက အရေပြားရောင်ရမ်းတာကို ပိုဆိုးစေလို့ ဖြစ်ပါတယ်။ တခြားဘယ်နည်းလမ်းတွေကို အသုံးပြုပြီး အမွှေးအမျှင်ဖယ်ရှားသင့်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် အရေပြားအထူးကုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

အာရှသားတွေရဲ့ အသားအရေက တခြားလူမျိုးတွေထက် ထိခိုက်လွယ်ပါတယ်။ ဒါကိုသိရှိထားပြီး အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေ ဝယ်ယူတဲ့အခါ သတိထားရွေးချယ်ရမှာ ဖြစ်သလို စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျော့နည်းအောင်နေထိုင်ရမှာပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly