မလွတ်တမ်းကြည့်ရမည့် ရုပ်ရှင်ဇာတ်ကားကောင်းများ ပါ၀င်သည့် ဥရောပရုပ်ရှင်ပွဲတော်

မလွတ်တမ်းကြည့်ရမည့် ရုပ်ရှင်ဇာတ်ကားကောင်းများ ပါ၀င်သည့် ဥရောပရုပ်ရှင်ပွဲတော်
ကြောင်ကလေးဘော့ဘ် ရုပ်ရှင်ဇာတ်ဝင်ခန်း

ရန်ကုန်၊စက်တင်ဘာ၁၄ ။                ။ ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် မလွတ်တမ်းကြည့်ရမည့် အနုပညာနှင့် စိတ်ပိုင်းဆိုင်ရာ အသားပေးရိုက်ကူးထားသည့် ဘဝနေထိုင်မှု၊ စီးပွားရေးအခြေ အနေ၊ သမိုင်းဖြစ်ရပ်များကို ယခုနှစ် ဥရောပရုပ်ရှင်ပွဲတော်၌ ပြသရန် စီစဉ်ထားကြောင်း သိရသည်။

ယခုနှစ်ရုပ်ရှင်ပွဲတော်တွင် ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျာမနီ၊ ဆွီဒင်၊ပြင်သစ်၊ ယူကေ၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ နယ်သာလန်၊ ဖင်လန်၊ စပိန်တို့မှ ရုပ်ရှင်ကားပေါင်း ၁၄ကား အခမဲ့ပြသသွားမည်ဖြစ်ပြီး အင်္ဂလိပ်စာတန်းထိုး ပြသမည်ဖြစ်ကာ လူကြီးများအတွက် ရုပ်ရှင်ကား ၁၁ ကားနှင့် ကလေးများအတွက် ရုပ်ရှင်ဇာတ်ကား ၃ ကား ပါဝင်ပြသမည်ဖြစ်သည်။

လမ်းပေါ်က ကြောင်ကလေးဘော့ဘ် ဆိုသော ယူကေရုပ်ရှင်တွင်  အိမ်ခြေယာမဲ့ကောင်လေးတစ်ယောက် အကြောင်းနှင့် လမ်းပေါ်ကကြောင်လေးကိုမွေးမြူခဲ့ပြီး မူးယစ်ဆေးဖြတ်နိုင်ခဲ့ပုံကို   ဖော်ကျူးထားသော  ရုပ်ရှင်၊ စတာလင်ခေတ် ပိုလန်မှာ ဇာတ်အိမ်တည်ထားသော အနုပညာသည် ကွန်မြူနစ်ဝါဒဖြန့်ချိရေး၏ အသုံးချပစ္စည်းဖြစ်သွားသော ပုံရိပ်အကြွင်း( Afterimage) ၊ ပုရဟန်းမင်းကြီးအပေါ် လူတွေထားရှိသော ကြည်ညှိုမှုအပေါ် သရော်သော အမြင်နှင့် ဟာသအမြင်တို့ဖြင့် သရုပ်ဖော်ထားသော Café Derby၊ လူအရင်းအနှီး (Human Capital) ၊ ၁၈၈၈ခုနှစ်အခြေအနေကို အက်စတာဒမ်မှာရိုက်ကူးထားတဲ့ Public Work ၊ ၂၀၁၅မှာ ဖင်လန်နိုင်ငံကိုရောက်ရှိလာသော ဆီးရီးယန်းဒုက္ခသည်များအကြောင်း ရိုက်ကူးထားသော မျှော်လင့်ချက်ရဲ့ အခြားတစ်ဖက်မှာ ( The Other Side of Hope) ၊ Truman ၊ Tschick ၊ ဆွီဒင်နိုင်ငံမှ နော်ဝေသို့ ပြောင်းရွှေဲလာသော ကောင်မလေးတစ်ယောက်အကြောင်း ပုံဖော်ရိုက်ကူးထားသော အနှိမ်ခံ(Underdog) ၊ ပြင်သစ်ရုပ်ရှင် ဖြစ်သော အမေရိကန်တွင်ရိုက်ကူးထားသည့် Valley of Love   ဇာတ်ကားများ ပါဝင်သည်။

လာမည့် စက်တင်ဘာလ၂၂ ရက်မှစတင်ပြီး အောက်တိုဘာလ ၁ ရက်နေ့အထိ ရန်ကုန်မြို့၊ နေပြည်တော် ရုပ်ရှင်ရုံတွင် ညနေ ၃ နာရီ ခွဲ နှင့် ညနေ ၆ နာရီခွဲတို့တွင် ပြသသွားမည်ဖြစ်ပြီး ကလေးများအတွက်ဇာတ်လမ်း များကိုမူ အောက်တိုဘာလ ၁ ရက်နေ့တွင် အထက(၁)ဒဂုံ၌ မနက် ၁၀ ခွဲ၊ ၂ နာရီ၊ ၃ နာရီများတွင် ပြသသွားမည် ဖြစ်သည်။ လက်မှတ်များကို ပွဲမစမှီ မိနစ်၃၀အတွင်း အခမဲ့ဝေပေးသွားမည် ဖြစ်သည်။

ကလေးများအတွက် ဇူခီးနီးမိသားစုဝင်တစ်ယောက်၏ ဘဝ၊ အေမီလ်နှင့် စုံထောက်ကြီးများ၊ ဟောဒီမြို့က ပွေးကောင် ဇာတ်ကားများ ပြသရန်ရှိသည်။

ဥရောပရုပ်ရှင်ပွဲတော်ကျင်းပရေးနှင့်ပတ်သတ်၍ ယနေ့ စက်တင်ဘာ ၁၄ ရက် ရန်ကုန်မြို့ ဆာကူရာတာဝါ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဥရောပရုပ်ရှင်ပွဲတော်ကို တာဝန်ယူကျင်းပမည့် Goethe Institute မှ ညွှန်ကြားရေးမှူး Franz Xaver Augustin က မြန်မာနိုင်ငံတွင် ရုပ်ရှင်ပွဲတော်များ မကြာခဏ ပြုလုပ်နေမှုကြောင့် ပိုမိုကောင်းမွန်သည့်ရုပ်ရှင်များထွက်ပေါ်လာနိုင်သည်ဟု ဆိုသည်။

"ဒီမှာနိုင်ငံတကာရုပ်ရှင်ပွဲတော် အနည်းငယ်ရှိပါတယ် ရန်ကုန်ရုပ်ရှင်ပွဲတော် ဝဿန်ရုပ်ရှင်ပွဲတော် နဲ့ နိုဝင်ဘာမှာလုပ်မယ့် Memory ရုပ်ရှင်ပွဲတော် ဒါပေမယ့် ဒီရုပ်ရှင်ပွဲတော်တွေထဲမှာ ဥရောပရုပ်ရှင်က အကြီးဆုံးဖြစ်မယ်ထင်တယ် လူတစ်သောင်းလောက် မနှစ်ကလာကြည့်ကြတယ် ဒီရုပ်ရှင်ပွဲတော်တွေ ကျင်းပတဲ့အခါမှာ အချင်းချင်းပြိုင်ဆိုင်ပြီးတော့ ပိုပြီးကောင်းမွန်လာမယ် ရုပ်ရှင်ပွဲတော်တွေလည်း ပိုများလာနိုင်တယ်"ဟု Mr. Franz Xaver Augustinက မဇ္ဈိမကို ပြောသည်။

ဥရောပရုပ်ရှင်ပွဲတော်ကို ၁၉၉၁ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံတွင် ကျင်းပခဲ့ပြီး ယခု ၂၇ ကြိမ်မြောက်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly