တရုတ်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါ၀က်ဝံ သေဆုံး

By AFP
14 September 2017
တရုတ်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါ၀က်ဝံ သေဆုံး

 

စက်တင်ဘာ ၁၄ ။                    ။ တရုတ်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံ ဟာ ယခုအခါ အသက် ၃၇ နှစ်အရွယ်နဲ့ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူမကို ထိန်းကျောင်းပေးနေသူတွေက စက်တင်ဘာ ၁၄ ရက်မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

Basi လို့ အမည်ပေးထားတဲ့ အဆိုပါ ပန်ဒါဝက်ဝံ ဟာ သူမရဲ့ အဖော် ပန်ဒါအများစုနဲ့ ယှဉ်ရင် ဆယ်စုနှစ် နှစ်စုစာနီးပါး ပိုပြီး အသက်ရှည်ရှည် နေထိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် တောတွင်းနေ ပန်ဒါဝက်ဝံတွေရဲ့ ပျမ်းမျှသက်တမ်းဟာ အသက် ၂၀ ဝန်းကျင်သာ ဖြစ်ပြီး ခုလိုမျိုး ထိန်းသိမ်းမှုအောက်မှာ နေထိုင်ရတဲ့ ပန်ဒါတွေကတော့ ပိုပြီး အသက်ရှည်ကြတယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါ Basi ဟာဆိုရင် တရုတ်နိုင်ငံမှာ လူအများရဲ့ အချစ်တော်ဖြစ်ခဲ့သလို သူမရဲ့ မွေးနေ့ပွဲတွေကိုလည်း ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ စည်စည်းကားကား ကျင်းပထားခဲ့ပါတယ်။

Basi သေဆုံးမှုသတင်းကို စက်တင်ဘာ ၁၄ ရက်မှာပဲ သူမနေထိုင်ခဲ့တဲ့ နိုင်ငံအရှေ့တောင်ပိုင်းက တိရိစ္ဆာန်ရုံက နိုင်ငံပိုင်ရုပ်သံကနေတဆင့် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

" ဒီကနေ့မှာတော့ ကျွန်တော်တို့အားလုံးရဲ့ အချစ်တော် ပန်ဒါလေး စက်တင်ဘာ ၁၃ ရက် မနက် ၈ နာရီ ၅၀ မှာပဲ သေဆုံးသွားပြီဆိုတဲ့ သတင်းကို ဝမ်းနည်းစွာ ကြေညာပါတယ်" ဆိုပြီး အဆိုပါ တိရိစ္ဆာရုံက ထုတ်ပြန်ပါတယ်။

Basi ဟာဆိုရင် ပြည်ပကိုလည်း အငှားပေးခံခဲ့ရဖူးပြီး ၁၉၈၇ ခုနှစ်က San Diego တိရိစ္ဆာန်ရုံမှာ ခြောက်လကြာ သွားရောက်နေထိုင်ခဲ့ပါတယ်။

သူမ အသက် လေးငါးနှစ်အရွယ်လောက်က နိုင်ငံအနောက်တောင်ပိုင်းက မြစ်တစ်စင်းအတွင်း ပြုတ်ကျနေခဲ့တာကို တွေ့ရှိပြီး ကယ်ဆယ်စောင့်ရှောက်ထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly