အီရန်၏ အကြမ်းဖက်အဆက်အသွယ်များသည် လက်တင်အမေရိကထဲသို့ စိမ့်ဝင်လာပြီဟု နေတန်ယာဟုပြော

အီရန်၏ အကြမ်းဖက်အဆက်အသွယ်များသည် လက်တင်အမေရိကထဲသို့ စိမ့်ဝင်လာပြီဟု နေတန်ယာဟုပြော

 

ဘိုဂိုတာ၊ စက်တင်ဘာ ၁၄ ။             ။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကိုလမ်ဘီယာနိုင်ငံမြို့တော် ဘိုဂိုတာအပါအဝင် လက်တင်အမေရိက နိုင်ငံများရှိ နေရာတိုင်း၌ အီရန်တို့၏ အကြမ်းဖက်အဆက်အသွယ်များ စိမ့်ဝင်နေကြပြီဖြစ်ကြောင်းနှင့် အီရန်တို့ ၏ သြဇာအာဏာ ကြီးမားလာမှုကို တစ်ညီတစ်ညွတ်တည်း ရင်ဆိုင်ဆန့်ကျင်သွားကြရန် ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုခဲ့သည်။

လက်ရှိအချိန်တွင် ကိုလံဘီယာနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ဖြင့် အလည်အပတ်ရောက်ရှိနေသော နေတန်ယာဟု က အကြမ်းဖက်မှုလုပ်ရပ်များနှင့် အကြမ်းဖက်ဝါဒ ကြီးထွားလာမှုကို ကာကွယ်ရန်အတွက် နိုင်ငံအားလုံး အတူ တကွပူးပေါင်းရမည်ဟု အစ္စရေးတို့ကယုံကြည်ကြောင်း ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်နှင့် တွေ့ဆုံအပြီးတွင် ပြောဆိုခဲ့သည်။

နေတန်ယာဟုက အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုသာမက အစ္စလာမ်မစ် စစ်သွေးကြွများ၏ အကြမ်းဖက် လုပ်ရပ်များ ကြီးထွားလာသော်လည်း ယနေ့လက်ရှိကမ္ဘာကြီးတွင် ထိုအချင်းအရာကို ကိုင်တွယ်နိုင်မည့် အခွင့်အရေးများ အတောမသတ်နိုင်အောင်ရှိနေကြောင်းနှင့် ထိုအကြမ်းဖက်ဝါဒသည် ကမ္ဘာတစ်ဝန်းလုံးရှိ မွတ်စလင်ဘာသာဝင်များအပေါ် ရိုက်ခတ်မှုများရှိနေကြောင်း ပြောဆိုခဲ့သည်။

ဒါ့အပြင် အကြမ်းဖက်ဝါဒတွင် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့  IS တို့နှင့် အီရန်တို့ကဲ့သို့သော အဓိက ဇစ်မြစ်နှစ်ခုရှိသည်ဟု ထင်မြင်ကြောင်း သူကပြောခဲ့သည်။

ကိုလံဘီယာနိုင်ငံ၌ ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းသွားပြီဖြစ်သောကြောင့် အစ္စရေးတို့နှင့်အတူ ပိုမိုပူးပေါင်း၍ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

အစ္စရေးခေါင်းဆောင်ကြီး နေတန်ယာဟုက သူနှင့်သမ္မတို့ဆန်းတို့စ်တို့သည် စိုက်ပျိုးမွေးမြူရေး၊ ရေပေးဝေမှု နှင့် ဆိုက်ဘာလုံခြုံရေးတို့အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags