လီဗာပူးလ်အသင်း၏ခံစစ်မှာ ကျောင်းသားအဆင့်သာရှိဟု ရွိုင်ကိန်းဝေဖန်

လီဗာပူးလ်အသင်း၏ခံစစ်မှာ ကျောင်းသားအဆင့်သာရှိဟု ရွိုင်ကိန်းဝေဖန်

 

စက်တင်ဘာ ၁၄၊ လီဗာပူးလ်။                 ။ ဆီဗီလာနှင့်နှစ်ဂိုးစီသရေကျသည့်ပွဲတွင် လီဗာပူးလ်အသင်း၏ခံစစ်မှာ ကျောင်းသားအဆင့်သာရှိပြီး ဆုဖလားကြီးများအောင်မြင် မှုနှင့်ပတ်သက်ပြီး မေ့ပစ်လိုက်နိုင်ပြီဟု မန်ယူကွင်းလယ်ကစားသမားဟောင်းရွိုင်ကိန်းက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်သည်။

လီဗာပူးလ်အသင်းသည် ၂၀၁၄ နောက်ပိုင်း ချန်ပီယံလိဂ်သို့ပထမဆုံးအကြိမ်ပြန်လာနိုင်ခဲ့သော်လည်း ခံစစ်အားနည်းမှု အချို့ကြောင့် ဆီဗီလာကို အန်ဖီးလ်၌ အမှတ်တစ်မှတ်ခွဲပေးခဲ့ရသည်။

ပွဲအစ ၅ မိနစ်တွင် လိုဗရန်၏အမှားကြောင့် ဆီဗီလာမှ ယက်ဒါ၏ဂိုးကိုခွင့်ပြုခဲ့ရပြီး ဖာမီနိုနှင့် ဆာလက်ချ်တို့က ဂိုးများပြန်သွင်း ပေးသဖြင့် လီဗာပူးလ်သည် ပွဲကိုထိန်းချုပ်နိုင်မည့်အခြေအနေရှိခဲ့သည်။

သို့သော် အနိုင်ကိုထိန်းနိုင်ရန် ၁၈ မိနစ်သာလိုတော့ချိန်တွင် ကော်ရီယာ၏ ချေပဂိုးကိုခွင့်ပြုခဲ့ရပြီး ယင်းမှာ ဆီဗီလာအသင်း အတွက် နှစ်ကြိမ်တည်းသောဂိုးပေါက်ကန်သွင်းခွင့်မှ ရရှိသွားခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး အိုင်ယာလန်လက်ထောက်နည်းပြရွိုင်ကိန်းက “အဲဒါက လီဗာပူးလ်အကြောင်း အကျဉ်းချုပ်ပဲ။ ပြီးတော့ သူတို့ဆုကြီးတွေဘာလို့မရသလဲ ဆိုတာပေါ့။

ဒီလိုအရေးကြီးတဲ့ပွဲမှာ ဒီလိုအရေးကြီးတဲ့ အချိန်မှာ လက်ပစ်ဘောတစ်ကြိမ်ကို အာရုံမစိုက်မိတာကနေ အနိုင်ကနေ သရေဖြစ်သွားတယ်။ အတွေ့အကြုံရှိတဲ့ကစားသမားတွေဆိုတာ အာရုံစိုက်ရတယ်။ ဒီလိုကျောင်းသားခံစစ်မျိုးက နည်းပြကို crazy ဖြစ်သွားစေတယ်။

အာရုံစိုက်ဖို့ဆိုတာက ဘောလုံးမှာ အလွယ်ဆုံးအပိုင်းပါ။ ခက်ခဲတဲ့အဆင့်တွေဖြစ်တဲ့ အခွင့်အရေးတွေဖန်တီးတာ၊ နေရာယူတာ၊ ကစားအားနဲ့ တိုက်စစ်စွမ်းရည်တွေကို လီဗာပူးလ်က အားလုံးသိပ်ကောင်းအောင် လုပ်နိုင်ခဲ့ပေမယ့် ဒီလိုအလွယ်လေးကိုတော့ မမြင်နိုင်ခဲ့ဘူး။

ချန်ပီယံလိဂ်ဗိုလ်စွဲဖို့ကို လီဗာပူးလ်အသင်း မေ့လိုက်နိုင်ပါပြီ။ ကျွန်တော်ပြောချင်တာက သူတို့အုပ်စုကတက်ချင်တက်နိုင်ပါလိမ့် မယ်။ ဒါပေမဲ့ ရှုံးထွက်အဆင့်မှာ ရီးယဲလ်မက်ဒရစ်နဲ့တွေ့ရင်တော့ ဒီကစားသမားတွေနဲ့ဆိုရင် ဟိုက ဟားနေလိမ့်မယ်”ဟု အိုင်တီဗီသို့ပြောသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly